တခေတ်တခါက နာမည်ကြီးခဲ့သော နဂါးနိုင်ဓားဖြင့် မိန်းကလေးပရိတ်သတ်များကြား ရေပန်းစားခဲ့သည့် မင်းသား Alec Su (ဝူကျိ) အကြောင်း

လွန်ခဲ့တဲ့အနှစ် ၂၀ ပတ်ဝန်းကျင်လောက်တုန်းက ည ၇ နာရီ (သို့မဟုတ်) ၉ နာရီမှာ မြဝတီရုပ်မြင်သံကြားကနေပြခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲတွေကို စောင့်မျှော်ကြည့်ရှုခဲ့ကြဖူုးသူတိုင်း အခုဖော်ပြပေးမယ့်သူကို ကောင်းကောင်းကြီးသိကြ၊ မှတ်မိကြမှာပါ။ သူကတော့ ဟွားဝူချွဲဆိုတဲ့ ဇာတ်ကောင်ကို မြန်မာပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့သူဖြစ်ပြီး တချို့တွေကတော့ သူ့ကို လုအန်းချီ၊ ကိုယ်တော် ၅၊ ဝူကျိ ရန်ဆစ်လျံ အစရှိတဲ့ ဇာတ်ကောင်တွေနဲ့ ရင်းနှီးကြပါတယ်။သူကတော့မင်းသား Alec Su ပါပဲ။

Alec Su ဟာ ရွှေမင်းသမီး၊ မီးလျှံကြားက​သွေးသစ္စာ (သို.) ငါးကလေး၊ သွေးဂလဲ့စားရဲ့ဒဏ္ဍာရီ (သို့) ငါးကလေးဒုတိယတွဲ၊ ပင်လယ်ကြီးလောက်ချစ်တယ်၊ နဂါးနိုင်ဓား၊ တရားရှင်၊ ချစ်သူသူရဲကောင်း၊ ကြည်နူးဖွယ်ရာပျိူကညာ၊ ဝူတန်သိုင်းဆိုတာဒီလို အစရှိတဲ့ ဇာတ်လမ်းတွဲတွေများစွာနဲ့ မြန်မာပရိသတ်တွေအကြားမှာ ရင်းနှီးခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူ့ကို သရုပ်ဆောင်အဖြစ်နဲ့ စတင်သိရှိခဲ့ပေမယ့်လည်း တကယ်တော့ သူဟာ အဆိုတော်အဖြစ်နဲ့ အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Alec Su ဟာ အခုဆိုရင် အသက် ၄၆ နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ထိုင်ဝမ်ဂီတလောကရဲ့ ပထမဆုံးသော Idol အဆိုတော်အဖွဲ့ဖြစ်တဲ့ Little Tigers လို့ အမည်ရတဲ့ ၃ ယောက်အဖွဲ့မှာ စတင်ပါဝင်ခဲ့ချိန်တုန်းကဆိုရင် သူ့အသက်ဟာ ၁၅ နှစ်မျှသာရှိသေးတာဖြစ်ပြီး သူ့ရဲ့ အနုပညာတာထွက်ကတော့ ကောင်းခဲ့တယ်လို့ ဆိုလို့ရပါတယ်။

အကြောင်းကတော့ သူတို့အဖွဲ့ဟာ ထိုင်ဝမ်မှာ စတင်ပွဲထွက်ခဲ့ပေမယ့်လည်း တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ စင်ကာပူနဲ့ တခြားသောအာရှနိုင်ငံတွေမှာပါ အောင်မြင်မှုတွေကို မထင်မှတ်ပဲရရှိခဲ့လို့ပါပဲ။ ငယ်ရွယ်နုပျိုပြီး သီချင်းဆိုကောင်းတဲ့သူဟာ ထိုအချိန်ကတည်းက မိန်းကလေးပရိသတ်တွေများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သူဆိုရင်လည်း မမှားပါဘူး။

Alec Su က သူဖြတ်သန်းခဲ့ရတဲ့ အထက်တန်းကျောင်းသားအတွေ့အကြုံကို ပြောပြရာမှာတော့ အားလပ်ချိန်မရှိတဲ့ အောင်မြင်တဲ့အဆိုတော်ဘဝကို ဖြတ်သန်းခဲ့ရင်းနဲ့ ထိုင်ဝမ်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက်ကြိုးစားခဲ့ရတာကြောင့် အတော်လေးကို ပင်ပန်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ခဲ့တာကြောင့် သူ့ရဲ့ လူငယ်ဘဝ လွတ်လပ်မှုတွေဟာ ပျောက်ဆုံးခဲ့တယ်လို့ ခံစားခဲ့ရပြီး ထိုင်ဝမ်တက္ကသိုလ်က ဘွဲ့မရခင် ၁ နှစ်အလို သူ့အသက် ၂၁ နှစ်မှာတော့ ကျောင်းကနေထွက်ကာ အင်္ဂလန်နိုင်ငံမှာပဲ ပညာဆက်လက်သင်ကြားခဲ့ပါတယ်။

သရုပ်ဆောင်လောကထဲကိုတော့ ၁၉၉၇ ခုနှစ်မှာ My Fair Princess (ရွှေမင်းသမီး) ဇာတ်လမ်းတွဲနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ သူ့ရဲ့အသက်ဟာ ၂၄ နှစ် ဖြစ်နေပါပြီ။ အသက် ၂၄ နှစ်အရွယ်ရောက်မှ သရုပ်ဆောင်စလုပ်ဖြစ်ပေမယ့်လည်း Alec Su ဟာ သရုပ်ဆောင်နယ်ပယ်မှာလည်း တာထွက်ကောင်းခဲ့ပြန်ပါတယ်။ သူ သရုပ်ဆောင်အဖြစ်နဲ့ ပွဲထွက်ခဲ့တဲ့ ရွှေမင်းသမီး ဇာတ်လမ်းတွဲက ဘယ်လောက်တောင်အောင်မြင်ခဲ့သလဲဆိုတာကတော့ ဒီနေ့အချိန်ထိ တရုတ်ဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေအနေနဲ့ ဒီဇာတ်လမ်းတွဲကို မှတ်မိနေဆဲ၊ သတိရနေဆဲဖြစ်တာတွေက သက်သေပါပဲ။

အဲဒီနောက်ပိုင်းဆက်တိုက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေတိုင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူညီခဲ့ပြီး သူ့ကို အောင်မြင်တဲ့သရုပ်ဆောင်မင်းသားတစ်လက်အဖြစ်နဲ့ ရပ်တည်စေခဲ့ပါတယ်။ အဆိုတော်အနေနဲ့ အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့တဲ့ Alec Su ရဲ့ အနုပညာသက်တမ်းက အခုဆိုရင် ၃၁ နှစ်ပတ်ဝန်းကျင်ရှိလို့နေပြီဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း အဆိုတော်၊ သရုပ်ဆောင်အဖြစ်နဲ့သာမကပဲ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်လို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဖျော်ဖြေရေးလောကရဲ့ တကယ့်ဝါရင့်သမ္ဘာရင့်ကြီးတစ်ယောက်အဖြစ်နဲ့ သတ်မှတ်ခံထားရတဲ့ Alec Su ကို တစ်ချိန်တုန်းက အသည်းအသန်ကြွေခဲ့ကြရတဲ့ ပရိသတ်တွေများရှိကြ​းသေးရဲ့လား။

Credit: သိုင်းလောကသားများစုံစည်းရာ

Share