Jang Nara ပြောပြတဲ့ သူအိမ်ထောင်မပြုရသေးတဲ့ အကြောင်းအရင်း

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ရွေးနီမလေးချစ်ပုံပြင်ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိတ်သတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ Jang Nara ဟာ အခုချိန်ထိအောင်မြင်မှု မလျော့သေးသလို အလုပ်တွေပင်ပန်းလဲ အရင်အတိုင်း ချစ်စရာကောင်းပြီး လှပနုပျိုနေတုန်းပါ။

လက်ရှိမှာ Oh My Baby ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး သူမရဲ့ဇာတ်ကောင်ဟာ အလုပ်ထဲမှာသာ ဆယ့်ငါးနှစ်တာစိတ်နှစ်ထားပြီး အိမ်ထောင်မပြုချင်တဲ့ သတင်းထောက်တစ်ဦးဖြစ်တာမို့ အပြင်က Jang Nara ကလဲ ဒီလိုပဲလားဆိုတဲ့ မေးခွန်းတွေပျံ့နှံ့လာပါတယ်။

ရုပ်ရည်ရော ဥစ္စာဓနရော ပြောစရာမလိုအောင်ပြည့်စုံနေတဲ့သူမဟာ ဒီအရွယ်ထိဘာလို့ အိမ်ထောင်မပြုရသေးတာလဲဆိုတာကို သူမရဲ့ဇာတ်လမ်းတွဲအသစ် Oh My Baby ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

“ကျွန်မက အိမ်ထောင်ရေးကို မယုံကြည်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်ပဲဆက်တိုက်လုပ်နေရတော့ အခွင့်အရေးမရတာ နေပါလိမ့်မယ်။ အခုထိလဲ အိမ်ထောင်ပြုရမလား မပြုရမလားဝေခွဲမရ ဖြစ်နေတုန်းပဲ။ တကယ်ကောင်းတဲ့လူနဲ့တွေ့ရင်တော့ မိသားစုတစ်ခုထူထောင်ဖြစ်မှာပါ။ အိမ်ထောင်ပြုမပြုက ကျွန်မတွေ့မယ့် လူအပေါ်ပဲမူတည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

မင်းသမီး Jang Nara ဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး အချစ်ရေးသတင်းမကြားရသေးသူပါ။ ပရိတ်သတ်တွေကတော့ သူမကိုသာယာတဲ့မိသားစုလေး ထူထောင်စေချင်သူတွေရှိသလို အပျိုကြီးလုပ်တာပဲ သာယာတယ်လို့ ပြောတဲ့လူတွေလဲရှိပါတယ်။ ပရိတ်သတ်တွေရော Jang Nara ကိုအပျိုကြီးဆက်လုပ်စေချင်လား မလုပ်စေချင်ဘူးလားဆိုတာ ပြောပြပေးသွားပါဦးနော်။

source: allkpop

Share