လက်ရှိမှာ Produce Camp 2020 အတွက် လေ့ကျင့်ရေးနည်းပြတွေအဖြစ် ပါဝင်နေတဲ့ EXO အဖွဲ့ဝင်ဟောင်းသုံးဦးကြောင့် ဒီရက်ပိုင်းမှာ ပရိတ်သတ်တွေဟာ ကြည်နူးပီတိဖြစ်နေကြတာပါ။ သူတို့သုံးယောက်ကို တတွဲတွဲပြန်မြင်နေရတာဟာ အရင်ကအချိန်တွေကို ပြန်ရောက်နေသလိုခံစားနေကြရပါတယ်။
အခုလဲ သူတို့သုံးယောက်က ပရိတ်သတ်တွေပိုပြီး ပီတိဖြစ်စေမယ့် အကြောင်းအရာတွေကို ဆွေးနွေးနေတဲ့ ဗီဒီယိုဖိုင်လေး ပျံ့နှ့ံလာခဲ့ပါတယ်။ နည်းပြကြီးတွေဖြစ်တဲ့ သူတို့ဟာ သူတို့ရဲ့တပည့်တွေအတွက် တိုင်ပင်နေရင်း သူတို့ရဲ့ trainee ဘဝကို သတိရမိသွားပြီး အရင်အချိန်တွေကို ပြန်ပြောင်းပြောပြခဲ့တာဖြစ်ပါတယ်။
သုံးယောက်သား ကလေးငယ်လေးတွေလို ကြမ်းပြင်မှာထိုင်နေရင်း Kris က “ငါတို့သူတို့အပေါ်အရမ်းတင်းကြပ်မိနေတာမဟုတ်ဘူးလား” လို့ စမေးလိုက်တဲ့အခါ သူတို့ trainee ဘဝတုန်းက ဒီထက်ပိုပင်ပန်းခဲ့ကြောင်းနဲ့ Tao ဆိုရင် ခဏခဏတောင် ငိုခဲ့ရကြောင်း ပြန်သတိရပြီး စကားစမြည်ပြောခဲ့ကြတာပါ။ စင်ပေါ်တစ်ခါတက်ဖို့ကိုတောင် ရင်တွေတအားတုန်ပြီး ထိတ်လန့်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ကြောင်းလဲ ပြောပြသွားပါသေးတယ်။
လက်ရှိမှာတစ်ဦးချင်း ထိပ်တန်းအနုပညာရှင်တွေ ဖြစ်နေကြပေမယ့် ဒီလိုဖြစ်ဖို့ အခြေတည်ခဲ့တဲ့ လေ့ကျင့်ရေးကျောင်းသားဘဝကိုရော EXO ကိုရော သူတို့အနေနဲ့ မမေ့နိုင်သေးကြောင်း ပရိတ်သတ်တွေသိလိုက်ရပြီးနောက်မှာ သူတို့ဆယ့်နှစ်ယောက် အရင်လို ပြန်လည်ဆုံစည်းဖို့ကိုလဲ မျှော်လင့်နေကြပါတယ်။
Source: Chansooperior tweet