အသက် (၆၅) ပြည့်သွားပြီဖြစ်တဲ့ နာမည်ကျော် မင်းသားကြီး Chow Yun-fat

ငယ်ငယ်တုန်းက မင်းသားကြီး Chow Yun-fat ရဲ့ ဇာတ်ကားတွေနဲ့ ကြီးပြင်းလာခဲ့ဖူးပါသလား။ Prison On Fire 1,2,3 နဲ့ God Of Gambler 1,2,3 ဇာတ်ကားတွေဟာ မင်းသားကြီး Chow Yun-fat ရဲ့ အကောင်းဆုံးဇာတ်ကားတွေလို့ ပြောနိုင်ပါတယ်။

“ဖဲမင်းသား” ဆိုပြီး မြန်မာပရိသတ်တွေက ဒီဇာတ်ကားတွေကို ကြည့်ဖူးရင်တော့ သင်တော်တော်ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘက်ခေတ်မှာ အဲဒီဇာတ်ကားတွေကို ပြန်ရှာပြီးကြည့်ဖို့ဆိုတာက တော်တော်ခက်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကတော့ မင်းသားကြီး Chow Yun-fat ရဲ့ အသက် ၆၅ နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။ Chow ဟာ အခြား နာမည်ကြီးတရုတ်မင်းသားတွေ ဖြစ်တဲ့ Bruce Lee, Jackie Chan, Jet Li အစရှိတဲ့ နာမည်ကြီး တရုတ်မင်းသားတွေလိုပဲ ဟောင်ကောင်ရဲ့ ပြယုဂ်မင်းသားကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Los Angeles Times မဂ္ဂဇင်းရဲ့ “၉ဝရာစုနှစ်တွေရဲ့ ကြည့်လို့အကောင်းဆုံးမင်းသားကြီး” တစ်ဦးအဖြစ်ဖော်ပြခံခဲ့ရပါတယ်။

ဒါ့အပြင် အမေရိကန်နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ Gore Verbinski ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ “Pirates of the Caribbean:At World’s End” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Chow ကို Living legend အဖြစ် နှိုင်းယှဉ်တင်စားခဲ့ပါတယ်။ အခုအချိန်မှာ အောင်မြင်မှုတွေ ပိုင်ဆိုင်နေတဲ့ Chow ဟာ တစ်ချိန်တုန်းကတော့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ငယ်စဉ်တုန်းကဆိုရင် Chow ရဲ့ အဖေဟာ ဆီလောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ကတော့ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ရပါတယ်။ Chow ဟာ အထက်တန်းကျောင်းတက်နေစဉ် အသက် ၁၇ နှစ်အရွယ်မှာ မိသားစုစားဝတ်နေရေးကြောင့် ကျောင်းထွက်ခဲ့ရပြီး လမ်းမတွေပေါ်မှာ စျေးရောင်းရင်း ရှင်သန်ခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက အနုပညာဝါသနာပါတဲ့ Chow ကို ၁၉၇၃ ခုနှစ်မှာ လောကကြီးက အခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။ အဲဒါကတော့ TVB ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲအတွက် မင်းသားအဖြစ် ရွေးချယ်ခံခဲ့ရတာပါပဲ။ ဇာတ်လမ်းအပိုင်း ၁၀၀ ကျော်ရှိတဲ့ ဒီဇာတ်ကားတွဲဟာ ကြည့်ရှု့သူ သန်းပေါင်းများစွာရှိခဲ့သလို အဲဒီခေတ်တုန်းကဆိုရင် အအောင်မြင်ဆုံး ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး Chow တစ်ယောက် နာမည်ကြီးလာသလို တစ်ဖက်မှလြည်း ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတဲ့ ထုတ်လုပ်သူတွေ များစွာရှိခဲ့ပါတယ်။ အဲဒီဇာတ်ကားတွေထဲကမှ A Better Tomorrow ဇာတ်ကားကို Chow တစ်ယောက်ရွေးချယ်ခဲ့သလို အဲဒီဇာတ်ကားကပဲ ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်တွေကို Chow Yun-fat လို့ သိလာအောင် မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: Chinanews

Share