ဂျွန်လမှာ သီချင်းသစ်နဲ့ ပရိတ်သတ်တွေဆီ ပြန်လာတော့မယ့် Cho Seung Youn (Woodz)

X1 အဖွဲ့ဖျက်သိမ်းအပြီးမှာ ကြော်ငြာနဲ့ မဂ္ဂဇင်းရိုက်ကူးမှုတွေကို ဆက်တိုက်လုပ်နေခဲ့ပေမယ့် သီချင်းသစ်ထွက်ရှိဖို့ သတင်းအစအနမရှိခဲ့တဲ့ Cho Seungyoun တစ်ယောက်ကတော့ ဂျွန်လမှာ ပရိတ်သတ်တွေမျှော်လင့်နေတဲ့အတိုင်း သီချင်းသစ်နဲ့ ပြန်လာတော့မှာပါ။ အာရှတစ်ခွင်မှာ အောင်မြင်ခဲ့တဲ့ကေပေါ့ပ်အဖွဲ့ UNIQ ရဲ့ အဖွဲ့ဝင်ဖြစ်သလို Woodz, Luizy ဆိုတဲ့နာမည်တွေနဲ့လဲ solo artist အဖြစ် အနုပညာလှုပ်ရှားမှုတွေလုပ်နေရင်း ၂၀၁၉ ခုနစ် မေလမှာ တောင်ကိုရီးယားရဲ့ ထိပ်တန်းရုပ်သံအစီအစဉ်ဖြစ်တဲ့ Produce X 101 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Cho Seungyoun ကတော့ အစီအစဉ်ကနေ အောင်မြင်မှုတွေ တစ်ဟုန်ထိုး ပြန်လည်ရရှိခဲ့သူတစ်ဦးပါ။

X1 အဖွဲ့ဝင်အဖြစ်နဲ့ တစ်ဖန်ပြန်လည်ပွဲဦးထွက်ခဲ့ပေမယ့် စိတ်မကောင်းစရာသတင်းတွေနဲ့ အဖွဲ့ကိုဖျက်သိမ်းလိုက်ရပြီးနောက်မှာ Cho Seungyoun ရဲ့ သီချင်းသစ်တွေကို နားဆင်ခွင့်ရဖို့ ပရိတ်သတ်တွေက စောင့်မျှော်နေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Yuehua Entertainment က ဂျွန်လလယ်မှာ Cho Seungyoun ရဲ့ comeback ရှိတယ်လို့ အတည်ပြုလိုက်ပါပြီ။

Cho Seungyoun ပါဝင်ခဲ့တဲ့ အဖွဲ့တွေမှာရော တစ်ကိုယ်တော်အနေနဲ့ပါ သူ့ရဲ့ အဆို၊ အကနဲ့ rap အပြင် သီချင်းရေးသားမှုစွမ်းရည်တွေကို မြင်တွေ့ခဲ့ရတာမို့ ပရိတ်သတ်တွေကတော့ သူ့ရဲ့ဘယ်စွမ်းရည်ကို အသားပေးတဲ့ သီချင်းတွေကို နားထောင်ရမလဲဆိုတာ စိတ်လှုပ်ရှားနေကြပါတယ်။ Comeback ကိုဂျွန်လလယ်မှာ ပြုလုပ်သွားမယ်လို့သာပြောပြီး ရက်အတိအကျတော့ မသိရသေးသလို အယ်လ်ဘမ်ဟာ ဘယ်လိုအယ်လ်ဘမ်ဖြစ်မယ်၊ သီချင်းဘယ်နှပုဒ်ပါမယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။

Source: yuehua entertainment

Share