China Produce 2020 မှာ Luhan, Tao တို့နဲ့ အတူပါဝင်လာမယ့် Kris

Kris, Luhan နဲ့ Tao ဆိုတာနဲ့ အခုအခါမှာ တစ်ဦးချင်းစီ အောင်မြင်မှုအသီးသီးရရှိနေတဲ့ EXO အဖွဲ့ဝင်ဟောင်းတွေလို့ လူတိုင်းသိကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အဖွဲ့ကထွက်ခွာကြအပြီး သူတို့ကိုအတန်ကြာအတူ မတွေ့ရတော့ပဲ ပြီးခဲ့တဲ့နှစ်ကမှ တစ်ယောက်နဲ့တစ်ယောက်ခင်မင်နေကြသေးကြောင်း ပရိတ်သတ်တွေသိခဲ့ရတာမို့ သူတို့ကြားကခိုင်မြဲတဲ့သံယောဇဉ်ဟာ ပရိတ်သတ်တွေရဲ့ အသဲနှလုံးကိုလှုပ်ခတ်ခဲ့ပါတယ်။

အချိန်အကြာကြီးအလုပ်တွဲလုပ်ခဲ့ကြပြီး ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးတဲ့ ဒီအဆိုတော်သုံးယောက်ကို ပရိတ်သတ်တွေ တစ်စုတစ်စည်းတည်း ပြန်တွေ့နိုင်တော့မှာပါ။ တရုတ်နိုင်ငံရဲ့ အဆိုအကပြိုင်ပွဲဖြစ်တဲ့ Produce 2020 မှာ သုံးယောက်လုံး အတူတူပါဝင်သွားမယ်လို့သိရပါတယ်။

Luhan နဲ့ Tao ကတော့ ဒီအစီအစဉ်မှာ နည်းပြအဖြစ်ပါဝင်သွားမယ်လို့ အတည်ပြုပြီးသားဖြစ်ပြီး အခုတော့သူတို့ရဲ့ညီအစ်ကို Kris ကလဲ ဒီအစီအစဉ်အတွက် ရိုက်ကူးရေးပြုလုပ်မယ်လို့ ဒီမနက်မှာတင် သတင်းတွေထွက်ပေါ်လာတာကြောင့် ပရိတ်သတ်တွေကတော့ အပျော်ကြီးပျော်နေကြပါပြီ။ အရင်ကတော့ သူတို့ကိုအဆိုတော်ပေါက်စလေးတွေအဖြစ် တွဲမြင်ခဲ့ရပေမယ့်​ အခုတော့အဆိုအကနည်းပြအဖြစ် ပြန်တွေ့ရမှာမို့ ဂုဏ်ယူနေကြပါတယ်။

မကြာသေးခင်ကမှ Kris နဲ့ Luhan ရဲ့ သီချင်းသစ်တစ်ပုဒ်ထွက်ရှိခဲ့တာဖြစ်ပြီး အကြီးအကျယ်အောင်မြင်မှုတွေရရှိခဲ့ကာ Tao ကလဲ နှစ်ယောက်လုံးကိုပံ့ပိုးပေးခဲ့တာမို့ သူတို့အချင်းချင်း ဘယ်လောက်ချစ်ခင်ကြလဲဆိုတာတော့ သံသယဝင်စရာကိုမလိုပါဘူး။ ပရိတ်သတ်တွေရော ဒီညီအစ်ကိုသုံးယောက်ကို စင်မြင့်ပေါ်မှာ အတူတူပြန်မြင်ရဖို့ ရင်ခုန်နေကြပြီလား။

Source: allkpop

Share