မထုတ်လွှင့်ခင်ကကို ပြဿနာတွေတက်နေတဲ့ The Golden Hairpin စီးရီးအတွက် Yang Zi ရဲ့ ဖြေရှင်းချက်

တရုတ်နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသားနဲ့မင်းသမီးဖြစ်တဲ့ Kris Wu နဲ့ Yang Zi တို့ ၂၀၁၉ မကုန်ခင်ကတည်းက စတင်ရိုက်ကူးနေတဲ့ The Golden Hairpin ဇာတ်လမ်းတွဲကတော့ ထုတ်လွှင့်ပြသမှုမတိုင်ခင်ကတည်းက ဝေဖန်မှုမျိုးစုံနဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

ပိုစတာထွက်လာကတည်းက billing order လို့ခေါ်တဲ့ ဇာတ်လမ်းအတွက်ပိုအရေးပါတဲ့ သရုပ်ဆောင်ရဲ့နာမည်ကို အရင်ထည့်သွင်းရမယ့်ကိစ္စမှာ ခေါင်းရှောင်ပြီး သရုပ်ဆောင်တွေနာမည်ကိုတမင်မထည့်သွင်းခဲ့တာဆိုတဲ့ ဝေဖန်ချက်တွေက အစပြုလို့ မူရင်းဝတ္ထုဟာမင်းသမီးအသားပေ ဇာတ်လမ်းဖြစ်ပေမယ့် ပြန်လည်ရိုက်ကူးတဲ့အခါ မင်းသားကို ပိုအရေးပါတဲ့ဇာတ်ရုပ်ဖြစ်အောင် ရိုက်ကူးမယ်ဆိုတဲ့ ကောလဟာလတွေကြောင့် မင်းသားနဲ့မင်းသမီးရဲ့ ပရိတ်သတ်တွေကြားမှာလဲ ကတောက်ကဆတွေများခဲ့ရပါတယ်။

ဖြစ်ပေါ်နေတဲ့ပြဿနာနဲ့ပတ်သတ်ပြီး မင်းသမီး Yang Zi ကတော့ သူ့ရဲ့ weibo မှာ အခုလိုပဲ ဖြေရှင်းထားပါတယ်။ “ကျွန်မတို့ဒီဇာတ်လမ်းတွဲအတွက် အလုပ်လုပ်နေတာ ခုနစ်လတောင်ရှိပါပြီ။ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ပင်ပန်းမှုတွေနဲ့ ချွေးပြိုက်ပြိုက်ကျအောင် ကြိုးစားနေကြတာပါ။

နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်လာမယ်မှန်း မသိပေမယ့် ကျွန်မအပါအဝင်အားလုံး အပြင်းအထန် ကြိုးစားနေပါတယ်။ ဒါပေမယ့်ကိစ္စတွေက ကျွန်မတို့မျှော်လင့်တာနဲ့ တလွဲစီပဲဖြစ်လာတယ်။ လူတိုင်းကဝေဖန်နေကြတော့ ဇာတ်ညွှန်း၊ နာမည်တပ်တာအပြင် ရိုက်ကူးရေးမှာကျွန်မခဏပြန်ပြီး ဆေးစစ်တာကအစ ပြဿနာဖြစ်လာတယ်။ မကောင်းတဲ့ဘက်ကချည်းပဲ ပြောနေကြတော့ ကျွန်မလဲတိတ်မနေနိုင်တော့ဘူး။

ကျွန်မကသရုပ်ဆောင်ပါ။ ဒီဇာတ်လမ်းမှာပါဝင်ဖို့ဆုံးဖြတ်ပြီးတာနဲ့ ဇာတ်ရုပ်အတွက် ကျွန်မမှာတာဝန်ရှိပါပြီ။ လူတွေကိုကျေနပ်အောင် ကြိုးစားပြီးဖန်တီးတီထွင်ပေးရမယ်ဆိုတဲ့တာဝန်ကို ကျွန်မအမြဲစိတ်ထဲမှာ ထည့်ထားပါတယ်” အစရှိသဖြင့် ဒီစီးရီးအတွက် သူအပါအဝင် ရိုက်ကူးရေးဝန်ထမ်းတွေအားလုံး တာဝန်ကျေအောင် ကြိုးစားနေကြကြောင်း ရှင်းပြထားပါတယ်။

Yang Zi ကထပ်လောင်းပြီး “ကျွန်မတို့စီးရီးကို အချိန်လေးထပ်ပေးပါ။ အစောကြီးကတည်းက မပစ်ပယ်လိုက်ပါနဲ့။ ကျွန်မရဲ့ဇာတ်ဝင်ခန်းတိုင်းကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ပြီး The Golden Hairpin ကိုပိုကောင်းအောင်လုပ်မှာပါ။ အားလုံးနဲ့မကြာခင်တွေ့ပါမယ်” လို့လဲ ပြောထားပါသေးတယ်။

Yang Zi တစ်ယောက် ဒီလိုဖြေရှင်းခဲ့ပေမယ်​့ ဇာတ်လမ်းတွဲနဲ့ပတ်သတ်တဲ့ကောလဟာလတွေကလဲ ထပ်ကြီးထွားနေပြီး ပြဿနာတွေကလဲ အတောမသတ်သေးပါဘူး။ The Golden Hairpin တကယ်ထွက်ရှိလာမှသာ အခြေအနေတွေ တည်ငြိမ်သွားနိုင်ဟန်ရှိပါတယ်။

source: dramapanda

Share