ကိုရီးယားအနုပညာရှင် ဇနီးမောင်နှံတွေရဲ့ ကြည်နူးစရာ စတင်တွေ့ဆုံမှုများ

အောင်မြင်နေတဲ့လူတွေရဲ့ ဘဝက နွေးထွေးမှုမရှိပဲ ကြွယ်ဝမှုသာရှိမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီစုံတွဲတွေရဲ့ ဇာတ်လမ်းလေးတွေကိုဖတ်ကြည့်ရင်တော့ လောကမှာ ကြည်နူးဆွတ်ပျံ့စရာ ချစ်ခြင်းမေတ္တာဆိုတာ ရှိသေးပါလားလို့ ယုံကြည်သွားမှာပါ။

Ryu Soo Young နဲ့ Park Ha Sun
နှစ်ယောက်သား Two Weeks ဇာတ်လမ်းတွဲကို အတူတူရိုက်ကူးခဲ့ပေမယ့် တွဲဖြစ်သွားတာကတော့ ဇာတ်လမ်းတွဲအပြီး တစ်နှစ်ကြာမှပါ။ အမှတ်မထင်ဆုံဖြစ်ရာက Ryu Soo Young က ရင်တွေအရမ်းခုန်လာလို့ Park Ha Sun ကိုနောက်တစ်ခေါက်တွေ့ခွင့်ရအောင် ထပ်ကြံစည်ခဲ့ပြီး ထပ်တွေ့ဖြစ်တော့ အရဲစွန့်ပြီးလက်ကိုင်ခဲ့ပါတယ်တဲ့။ Park Ha Sun ကလဲ Ryu Soo Young ကိုပြန်သဘောကျတာမို့ အခုဆိုလက်ထပ်လိုက်ကြပါပြီ။

Eric နဲ့ Na Hye Mi
Na Hye Mi ကတော့ ရုပ်ရှင်ထဲကအဖြစ်မျိုး တကယ်ကြုံတွေ့ခဲ့ရတာပါ။ မဂ္ဂဇင်းထဲမှာ ပါတဲ့မော်ဒယ် Na Hye Mi ရဲ့ပုံကို Eric ကမြင်မြင်ချင်းပဲ ကြွေသွားခဲ့ပြီး ဖုန်းနံပါတ်စုံစမ်းကာ သူကိုယ်တိုင်စဆက်သွယ်ခဲ့တာပါတဲ့။
Hye Mi ကလဲ Eric ရဲ့ ပရိတ်သတ်မို့ အဆင်ပြေခဲ့ကြပါတယ်။ အချစ်ကြီးတဲ့လူပျိုကြီးကတော့ သူ့အိပ်မက်ထဲက နတ်သမီးလေးနဲ့ လက်ထပ်လိုက်ပြီး လူပျိုကြီးဘဝကကျွတ်တာ ကြာပါပြီ။

Rain နဲ့ Kim Tae Hee
၂၀၁၁ ခုနှစ်တုန်းက ကြော်ငြာတစ်ခုအတူတူရိုက်ကူးခဲ့ကာ အဲ့ကျမှစတွေ့ဖူးတဲ့ သူတို့နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် သံယောစဉ်တွယ်ပြီး လူတွေမသိအောင် ခိုးဒိတ်ခဲ့ကြပါတယ်တဲ့။
ဘယ်သူမှမသိခဲ့ပေမယ့် သူတို့ကြားကအချစ်က တကယ်ခိုင်မြဲခဲ့ပြီး ပရိတ်သတ်ကိုအသိပေးတဲ့အဆင့် လက်ထပ်တဲ့အဆင့်တွေကို ဖြတ်ကျော်နိုင်ခဲ့ကာ အခုဆို ရင်သွေးလေးနှစ်ယောက် ထွန်းကားနေပါပြီ။

Jo Jung Suk နဲ့ Gummy
ရင်းနှီးတဲ့သူငယ်ချင်းက တစ်ဆင့်တွေ့ဆုံခဲ့ကြပြီး စကားပြောကြတဲ့အခါမှာ သီချင်းအကြိုက်တွေ ခံယူချက်တွေ အတော်များများတူနေလို့ အံ့ဩခဲ့ရပြီး တွေ့စကတည်းက စကားပြောရအရမ်းအဆင်ပြေတာကြောင့် တွဲဖြစ်သွားတာပါတဲ့။ စိတ်သဘောထားတိုက်ဆိုင်လွန်းတဲ့သူတို့က ချစ်သူသက်တမ်း ဆယ်နှစ်အကြာမှာလက်ထပ်ခဲ့ပြီး မကြာခင်မှာ မိဘတွေဖြစ်လာတော့မှာပါ။

Taeyang နဲ့ Min Hyo Rin
အောင်သွယ်တော်ကတော့ အခြားမဟုတ်ပါဘူး။ G-Dragon ပါပဲ။ Taeyang ရဲ့ MV ရိုက်ကူးဖို့ မင်းသမီးစဉ်းစားကြရာမှာ GD က Hyo Rin ကို ညွှန်းခဲ့တာဖြစ်ပြီး ကြည်နူးစရာအချစ်ဇာတ်လမ်းလေးက အဲ့မှာစတာပါ။ Taeyang တစ်ယောက် Hyo Rin အတွက် သီချင်းတွေရေးပြီး နှစ်ယောက်သားအရမ်းချစ်ခဲ့ရာက အခုဆိုလက်ထပ်ပြီး ဇနီးမောင်နှံအဖြစ်ကို ရောက်ရှိနေပါပြီ။

source: metro style

Share