စူပါဇာတ်ပို့ Kim Sun Young ရဲ့ စွမ်းရည်ကို အကောင်းဆုံးချပြခွင့်ရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကောင်များ

မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ Baeksang Awards အခမ်းအနားမှာ မင်းသမီးငယ်လေးတွေကိုကျော်ဖြတ်ပြီး best supporting actress ဆုကို ရရှိခဲ့တဲ့ Kim Sun Young ကိုတော့ အားလုံးရင်းနှီးကြမယ် ထင်ပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲပေါင်းများစွာထဲကမှ သူ့ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်မှုကို ပြသနိုင်ခဲ့တဲ့ ကာရိုက်တာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Crash Landing on You (No Wool Sok)


ဒီဇာတ်လမ်းတွဲနဲ့ပဲ ဆုရရှိခဲ့သလို မြန်မာပရိတ်သတ်အများစုလဲ ဒီဇာတ်လမ်းတွဲနဲ့ သူ့ပရိတ်သတ်ဖြစ်လာတယ်လို့ ဆိုနိုင်ပါရဲ့။ အပြောဆိုးပေမယ့် စိတ်သဘောထားနူးညံ့တဲ့ပုံစံဟာ သူနဲ့အထူးလိုက်ဖက်ခဲ့ပါတယ်။ မြောက်ကိုရီးယားလေသံကို တစ်သွေမတိမ်းလေ့ကျင့်နိုင်ခဲ့ပြီး အခြေခံလူတန်းစားအဖြစ် သရုပ်ဆောင်မှုဟာ တကယ်ပီပြင်ခဲ့တာပါ။

၂။ Her Private Life (Uhm So Hye)


အဲ့ဒီဇာတ်လမ်းတွဲထဲမှာ Chaeum အနုပညာပြခန်းရဲ့ ပိုင်ရှင်အဟောင်းကို မှတ်မိကြပါရဲ့လား။ ငွေချမ်းသာတဲ့ သူဌေးမကြီးတစ်ယောက်ဖြစ်ပြီး ဝန်ထမ်းတွေအပေါ် စိတ်ဖိစီးမှုပေးပုံတွေ သမီးဖြစ်သူ အစွန်းရောက် fan နဲ့အမြဲတကျက်ကျက်ဖြစ်နေတဲ့သူ့ရဲ့အပြောအဆိုတွေ တမူထူးခြားတဲ့ဖက်ရှင်တွေနဲ့ ပရိတ်သတ်ကို ရယ်မောစေခဲ့ပါတယ်။

၃။ When The Camellia Blooms (Park Chan Sook)


မင်းသမီးလေး ဒုံဘဲ့ကို အစပိုင်းမှာအမြင်မကြည်ပေမယ့် သံယောဇဉ်တွယ်လာတာနဲ့အမျှ အင်တိုက်အားတိုက်ကာကွယ်ပေးတဲ့ အဒေါ်ကြီးတွေထဲက တစ်ယောက်ပါ။ မြို့ငယ်လေးထဲမှာ ဆိုင်ဖွင့်ထားပြီး သူနဲ့အထူးလိုက်ဖက်တဲ့ ခပ်စွာစွာအဒေါ်ကြီးနေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ Kim Sun Young မပါတဲ့ ဒရမ်မာဟာ ဆားမပါတဲ့ဟင်းလိုပါပဲလို့တောင် ဆိုရပါမယ်။

၄။ Vagabond (Gu Sun Ja)


ရပ်ကွက်ထဲကအဒေါ်ကြီးဇာတ်ရုပ် ဟာသဇာတ်ရုပ်တွေအရိုက်များလို့ Kim Sun Young ကို အက်ရှင်ကားမျိုးတွေမှာ သရုပ်မဆောင်နိုင်ဘူးထင်ရင် မှားသွားပါလိမ့်မယ်။ Vagabond ဇာတ်လမ်းတွဲမှာလဲ ပါဝင်ရတဲ့ဇာတ်ဝင်ခန်း နည်းပေမယ့် NIS ကိုတစ်ဖက်တစ်လမ်းက ကူညီနေတဲ့ လျို့ဝှက်အေးဂျင့်နေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

၅။ Reply 1988 (Kim Sun Young)


ပုဂ္ဂိုလ်ရေးအမြင်အရတော့ သူ့ရဲ့အကောင်းဆုံး သရုပ်ဆောင်မှုပါပဲ။ သားသမီးနှစ်ယောက်ကို အစွမ်းကုန်ရုန်းကန်ပြီး ပျိုးထောင်ပေးနေတဲ့ မိခင်မုဆိုးမကြီးနေရာက သူ့ရဲ့သရုပ်ဆောင်မှုဟာ ပရိတ်သတ်တွေကို ကြည်နူးစေ ငိုကြွေးစေခဲ့ပြီး ရသမျိုးစုံပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်က အမျိုးသမီးကြီးတွေရဲ့ ဝတ်စားဆင်ယင်ပုံ ပြောဆိုပုံကို တစ်ထပ်တည်းကျအောင် ဖန်တီးခဲ့သူပါ။

ဒါကတော့ အားလုံးရဲ့အချစ်တော် Kim Sun Young ရဲ့ အထင်ကရ ရုပ်ရှင်ဇာတ်ကောင်တွေပါပဲ။ ပရိတ်သတ်တွေလဲ ဘယ်ဇာတ်လမ်းတွဲကို အကြိုက်ဆုံးဖြစ်ပြီး ဘယ်ဇာတ်ကောင်ဟာ ရင်ထဲအထိဆုံးလဲဆိုတာ ဆွေးနွေးသွားကြပါဦးနော်။ ကျန်ခဲ့တဲ့ ဇာတ်ကောင်များရှိခဲ့ရင်လဲ ဝေဖန်အကြံပြုနိုင်ပါတယ်။

source : kpopstarz
written by Dar Dar

Share