အဖေမရှိပဲ ကြီးပြင်းခဲ့ရတဲ့ ဘဝအကြောင်း ဖွင့်ဟပြောဆိုလာတဲ့ Itaewon Class ရဲ့ Kim Dong Hee

လက်ရှိအောင်မြင်မှုတွေရရှိနေတဲ့ မင်းသားလေး Kim Dong Hee ဟာ မကြာသေးမီက TvN ရဲ့ “You Quiz on the Block” အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ Kim Dong Hee ကို ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့ပီး ပရိသတ်ရှေ့မှောက် ပထမဦးဆုံးရောက်ရှိခဲ့တာကတော့ Web series ဖြစ်တဲ့ ” A-Teen” နဲ့ပါ။

ဒီနောက်မှာတော့ အလွန့်အလွန် အောင်မြင်မှုတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “SKY Castle”, “Itaewon Class” နဲ့ Netflix ရဲ့ “Extracurricular” တို့မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အစီအစဉ်အတွင်းမှာတော့ MC Yoo Jae Suk က ” Kim Dong Hee” ဆိုတဲ့ လူတစ်ယောက်ကို ဘယ်လိုဖော်ပြချင်လဲ” ဆိုတဲ့မေးခွန်းမေးခဲ့ပါတယ်။ ဒီအခါမှာတော့ Kim Dong Hee က ” ကျွန်တော့်ကိုယ် ကျွန်တော် ခေါင်းမာတဲ့လူတစ်ယောက်လို့ထင်တယ်။

ပီးတော့ ကျွန်တော့ ဘဝက ချောမွေ့တယ်လို့ ပြောလို့မရပါဘူး။ အမြဲ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒီနောက်မှာတော့ Dong Hee ဟာ သူ့ဘဝနောက်ကြောင်းကိုလည်း ဆက်လက် ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဒီအကြောင်းကို တချိန်ချိန်မှာ ဖွင့်ပြောချင်ခဲ့တာပါ။ တကယ်တော့ကျွန်တော့ဘဝက အမေနဲ့ ကျွန်တော်ပဲ ရှိတာပါ။ ကျွန်တော့်အမေဟာ သူတစ်ယောက်တည်း ခွန်အားနဲ့ ကျွန်တော့ကိုပင်ပင်ပန်းပန်း ပြုစုပြိုးထောင်ခဲ့ရတာပါ။

အဲ့အချိန်မှာ ကျွန်တော့အမေဟာ အရမ်းကို ငယ်ပါသေးတယ်။ အခုအချိန်ထိ ပြန်တွေးတိုင်းလည်း ကျွန်တော် စိတ်မကောင်းဖြစ်ရတုန်းပါပဲ။ ကျွန်တော့အမေဟာ သူ့ရဲ့အရာအားလုံးကို အနစ်နာခံပြီး ကျွန်တော့်အတွက်ပဲ ပေးဆပ်ခဲ့တာပါ။

အမေဟာ သူ့ဘဝအတွက် ဘာမှမလုပ်ခဲ့ရပါဘူး။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ကျွန်တော့အမေကို နုပျိုမှုတွေ ပြန်ပေးချင်ပါတယ်။ ကျွန်တော် အမေနဲ့အတူ အကြာကြီး ရှိနေချင်ပါတယ်။” ခုအချိန်မှာတော့ Kim Dong Hee ဟာ အောင်မြင်မှုတွေရရှိနေပါပီ။ အားလုံးပဲ Dong Hee လေးကို တူတူအားပေးကြရအောင်နော်။

Source: Soompi
Written:Gyi Gyi

Share