ကေဒရမ်မာချစ်သူတွေ နှစ်ခါထက်မနည်း ပြန်ကြည့်ချင်မိတဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းက ဇာတ်လမ်းတွဲများ

​ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာကတည်းက တစိုက်မတ်မတ်အားပေးကြည့်ရှုခဲ့တဲ့ ပရိတ်သတ်ဆိုရင်တော့ တစ်ကားဆိုရင်တစ်ကား ရင်ထဲစွဲကျန်ရစ်အောင်ကောင်းတဲ့ ဒရမ်မာဟောင်းတွေကို သတိရနေကြမှာပါ။ အဲ့ဒီထဲကမှ အချို့ကို ပြန်လည်တမ်းတနိုင်ဖို့ ကောက်နှုတ်တင်ဆက်လိုက်ရပါတယ်။

Stairway to Heaven


Choi Ji Woo, Kwon Sang Woo, Kim Tae Hee တို့လို ထိပ်တန်းတွေရဲ့ သရုပ်တောင်အားပြိုင်မှုကြောင့် ကြည့်ရှုသူတွေ တစ်ရှူးကိုင်ပြီး ကြည့်ရလောက်အောင် ငိုရတဲ့ဒရမ်မာပါ။ စလယ်ဆုံး တစ်ချက်မှမပျင်းရအောင် ရင်နင့်စရာ ဇာတ်ကွက်တွေနဲ့ ပရိတ်သတ်ကို ဆွဲငင်ခဲ့တဲ့ ဇာတ်လမ်းတွဲပါပဲ။

Love Story in Harvard


မင်းသား Kim Rae Won နဲ့ မင်းသမီး Kim Tae Hee တို့အဓိကပါဝင်ထားပြီး သမာရိုးကျ အချစ်ဇာတ်လမ်းမဟုတ်ပဲ နိုင်ငံရပ်ခြားမှာ ပညာသွားရောက်သင်ယူရတဲ့ အာရှလူငယ်တွေရဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေ စိတ်အားထက်သန်စွာကြိုးစားရပုံတွေကို အတုယူအားကျဖွယ်ရိုက်ကူးထားတာပါ။

Autumn in My Heart


အွန်စောနဲ့ဂျွန်စောကိုကြည့်ပြီး မငိုဖူးသူတော့ ရှိမယ်မထင်ပါဘူး။ အခြေအနေမတူတဲ့ မိသားစုနှစ်စုမှာ ကလေးမှားသွားရာက နောက်ဆက်တွဲအဖြစ်တွေကို မိသားစုသံယောစဉ်နဲ့ ချစ်ခြင်းတရား ပေါ်လွင်အောင် ဝမ်းနည်းစရာတင်ဆက်ခဲ့တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ပုဒ်ပါပဲ။

Summer Scent


“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရဲ့လက်ရာဖြစ်ပြီး မင်းသားကလဲ Song Seung Hoon ဖြစ်တဲ့အပြင် မင်းသမီးကလဲ အလွမ်းအဆွေးဘုရင်မလို့ဆိုကြတဲ့ Son Ye Jin ဖြစ်တာမို့ ဘယ်နှခါပြန်ကြည့်ကြည့် မရိုးအီသွားတဲ့ အချစ်ဇာတ်လမ်းလေးပါ။

All About Eve


ဂျင်ဆန်းမီ ဟိုယွန်မီလို့ မြန်မာပရိတ်သတ်တွေ ရင်းနှီးကြတဲ့ မင်းသမီးနှစ်ယောက်ရဲ့ အားပြိုင်မှုကို စိတ်ဝင်တစားကြည့်ရှုခဲ့ရတာပါ။ ထိုင်ရာကမထနိုင်အောင် စိတ်ဝင်စားရတဲ့ ဇာတ်ကွက်တွေနဲ့ ပြင်းထန်တဲ့သရုပ်ဆောင်မှုအပြင် မင်းသမီးချောလေးတွေရဲ့ ထိုခေတ်ထိုအခါက ဖက်ရှင်အလှအပကိုလဲ ငေးမောခဲ့ရပါတယ်။

Glass Slippers


“ဖန်ခြေနင်းနဲ့ယမင်းရွှေစင်” ဆိုပြီး TV မှာ မလွတ်တမ်းစောင့်ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းတွဲပါ။ မိသားစုကြားကမေတ္တာကို ငိုကြွေးစရာရိုက်ကူးထားပြီး မင်းသမီးနှစ်ယောက်ရဲ့ ငယ်စဉ်ကတည်းက ကွဲကွာနေတဲ့ညီအစ်မနှစ်ယောက်နေရာမှာ သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိတ်သတ်တွေ ငိုမဆုံးဖြစ်ခဲ့ရပါတယ်။

Winter Sonata


“Autumn in My Heart” “Summer Scent” တို့နဲ့အတူ Endless Love စီးရီးတွေရဲ့ အစိတ်အပိုင်းပါ။ မင်းသမီး Choi Ji Woo နဲ့ ယခုအခါဖန်သားပြင်မှာ မတွေ့ရတော့တဲ့ မင်းသားကြီး Bae Young Joon တို့က ပါဝင်သရုပ်ဆောင်ထားပြီး ကျေးလက်ဒေသကို အခြေတည်ထားတာမို့ ဆွေးဆွေးမြေ့မြေ့လေး ခံစားရစေပါတယ်။

My Love Patzzi


အခုချိန်မှာ ဝါရင့်မင်းသားမင်းသမီးကြီးတွေဖြစ်နေတဲ​့ Jang Nara တို့ Kim Rae Won တို့ရဲ့ နုငယ်တဲ့ချစ်စရာရုပ်သွင်လေးတွေနဲ့ ကြည်နူးရယ်မောစရာ အချစ်ဟာသ ဇာတ်လမ်းတွဲလေးပါ။ မြန်မာပရိတ်သတ်တွေကတော့ “ရွေးနီမလေးချစ်ပုံပြင်” လို့သိပြီး အရမ်းကြိုက်ခဲ့ကြပါတယ်။

Jewel in the Palace


ရိုးရာဝတ်စုံလေးနဲ့ ကျက်သရေရှိလွန်းပြီး နန်းတွင်းထဲမှာ ပြေးလွှားအလုပ်ရှုပ်နေတတ်တဲ့ ချန်ဂင်လေးကိုတော့ အားလုံးမေ့ကြဦးမယ်မထင်ပါဘူး။ ဒီဇာတ်လမ်းတွဲထဲမှာ ချန်ဂင်ရဲ့ဟန်ပန်လေးတွေကို ဂရုဏာသက်ခဲ့ရသလို သူ့လို hanbok လေးတွေလဲ ချုပ်ပြီးဝတ်ခဲ့ကြတာ အမှတ်ရစရာပါပဲ။

Tomato


ဖိနပ်လှလှလေးတွေချုပ်တဲ့ ဖိနပ်ဒီဇိုင်နာချောလေး လီဟန်နီဟာ ဒရမ်မာချစ်သူတွေရဲ့ အသဲနှလုံးကိုခုချိန်ထိ သိမ်းပိုက်ထားနိုင်တုန်းပါပဲ။ ချစ်စရာဟန်ပန်လေးတွေနဲ့အတူ မင်းသမီး Kim Hee Sun ရဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေဟာ မိန်းကလေးတွေရဲ့ အသဲစွဲဖြစ်ခဲ့ရပါတယ်လို့ သိရပါတယ်။

ဒါကတော့ ၂၀၀၀ ခုနှစ်အစောပိုင်းတုန်းက ကေဒရမ်မာတွေရဲ့ အောင်မြင်မှုအစ ခေတ်ဦးမှာ မြန်မာပရိတ်သတ်တွေစွဲလန်းခဲ့ရတဲ့ ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။

written: Dar Dar

Share