ဆုပေးပွဲတွေရဲ့ ကော်ဇောနီထက်မှာ Kim Yoo Jung ဆင်မြန်းခဲ့တဲ့ အလှပဆုံးဝတ်စုံများ

ပရိတ်သတ် မျက်စိရှေ့မှာပဲ အလှပဆုံးအရွယ်ကိုရောက်လာတဲ့ Kim Yoo Jung လေးကတော့ မပြင်ဆင်ထားရင်တောင် လှနေတာ အားလုံးအသိပါနော်။ ဒီလိုလှတဲ့ မိန်းကလေးဟာ ကော်ဇောနီပေါ်မှာ ဝတ်စုံလှလှတွေကို ဆင်မြန်းလိုက်တဲ့အခါမှာ ဘယ်လိုတောင် ရင်သပ်ရှုမောဖွယ် ဖြစ်သွားရသလဲ ဆိုတာတော့ အောက်မှာဆက်ကြည့်လိုက်ရအောင်။

၁။ ၂၀၁၅ ခုနှစ် SBS Drama Awards မှာ အပျိုပေါက်လေး Yoo Jung ရဲ့ ပန်းသွေးရောင် အလှဟာ ထင်ပေါ်ခဲ့ပါတယ်။ ငယ်ဂုဏ်ကလေးကိုလဲ ပီပြင်စေသလို ကျက်သရေလဲရှိတဲ့ ရိုးရိုးရှင်းရှင်း ဝတ်စုံလေးဟာ သူ့ရဲ့ကိုယ်ပေါ်မှာ ကျော့ရှင်းပြီးချစ်စရာကောင်းလွန်းပါတယ်။

၂။ တော်ရုံလူနဲ့လိုက်ဖက်မှုမရှိတဲ့ အစိမ်းနုနုလေးဟာ Yoo Jung လေးရဲ့ ဖြူဝင်းတဲ့အသားအရည်နဲ့ အထူးလိုက်ဖက်တာပါပဲ။ ရိုးသလိုလိုနဲ့ ဆန်းတဲ့ ဒီဝတ်စုံလေးကိုတော့ ၂၀၁၆ ခုနှစ် Style Icon Asia Awards မှာ လက်ဝတ်ရတနာမပါပဲ ဝတ်ဆင်ခဲ့ပြီး အားလုံးငေးမောယူခဲ့ရပါတယ်။

၃။ ၅၃ ကြိမ်မြောက် Baeksang ဆုပေးပွဲမှာ နတ်သက်ကြွေလာသလို ကျက်သရေရှိတဲ့ ဝတ်စုံလေးနဲ့ပွဲတက်ခဲ့ပါတယ်။ ရိုးရှင်းတဲ့နို့နှစ်ရောင်လေးကိုမှ ပွင့်ဖတ်လေးတွေဖူးကြွနေသလို ဒီဇိုင်းမျိုးနဲ့ ဂါဝန်ရှည်လေးဟာ Yoo Jung လေးရဲ့အလှကို အရောင်တင်ပေးခဲ့ပါတယ်။

၄။ တစ်ရောင်တည်း ပြောင်ရှင်းနေတဲ့ ဝတ်စုံလေးတွေကို သဘောကျပုံရတဲ့ Yoo Jung ဟာ တစ်ထည်လုံးရိုးစင်းနေတဲ့ ဗေဒါရောင်ဝတ်စုံလေးနဲ့ ဆံပင်လေးတွေကို ရှင်းရှင်းလေးစုစည်းထားပြီး အရိုးဆုံးကအဆန်းဆုံးဆိုသလို စင်မြင့်နဲ့ပနံရကာ ကြည့်မဝအောင်လှခဲ့ပါတယ်။

၅။ ၂၀၁၆ ခုနှစ် Asia Artist Awards မှာ နုနယ်ပျိုမြစ်တဲ့ ဆယ်ကျော်သက်ကလေးပီသစွာ ကပိုကရို အနက်ရောင်ဝတ်စုံလေးနဲ့ ဆံပင်ကိုလဲ ခပ်ဖွဖွလေးထုံးဖွဲ့ထားပြီး တစ်မျိုးလေးချစ်စရာကောင်းခဲ့ပါတယ်။ ဝတ်စုံလေးက ညကောင်းကင်မှာ ကြယ်လေးတွေလက်နေသလိုပါပဲနော်။

၆။ ၂၀၁၅ ခုနှစ် MBC Drama Awards မှာလဲ Kim Yoo Jung ရဲ့သင်္ကေတလို့ပြောရမယ့် ရိုးရှင်းမှုကို အခြေခံထားတဲ့ ဂါဝန်နက်အရှည်လေးရယ် ပြေလျော့လျော့လေး ကောက်ထားတဲ့ ဆံပင်ရှည်လေးတွေရယ်နဲ့ မျက်နှာကိုမိတ်ကပ်ပါးပါးလေး လိမ်းထားရုံနဲ့တောင် တောက်ပနေခဲ့သူလေးပါ။

written: Dar Dar

Share