ကိုယ်အဝေးကနေလှမ်းမျှော်ကြည့်ပြီး အားပေးချစ်ခင်နေရတဲ့ အနုပညာရှင်ဟာ တစ်ချိန်မှာကိုယ့်ရဲ့ချစ်သူဖြစ်လာဖို့ကို kpopper တွေရော drama ပရိတ်သတ်တွေရော စိတ်ကူးယဉ်ဖူးကြမှာပါ။ အောက်ပါပုဂ္ဂိုလ်တွေကတော့ ကိုယ့်ရဲ့ idol နဲ့ လက်ထပ်ခွင့်ရခဲ့တဲ့ ကံအကောင်းဆုံး လူသားတွေပါပဲ။
S.E.S Shoo
Kpop ခေတ်ဦးမှာ ယောက်ျားလေးတိုင်းရဲ့ အိပ်မက်ထဲကနတ်သမီးလေးတွေဖြစ်တဲ့ S.E.S အဖွဲ့ဝင် Shoo ရဲ့ခင်ပွန်းကလဲ သူ့ရဲ့အမာခံပရိတ်သတ်ပါ။ သူကိုယ်တိုင်က နာမည်ကျော်ဘတ်စကတ်ဘောကစားသမားတစ်ဦး ဖြစ်တာမို့ ဘယ်အနုပညာရှင်ကိုမှာ မကြိုက်ခဲ့ပေမယ့် S.E.S ရဲ့ ဖျော်ဖြေမှုကိုကြည့်ပြီး Shoo ကို အရူးအမူးစွဲလန်းခဲ့ပြီး ဓာတ်ပုံလေးတွေသိမ်းထားကာ ‘တစ်နေ့မှာ Shoo နဲ့လက်ထပ်နိုင်ရမယ်’ လို့ကို ရည်မှန်းခဲ့ပြီး သူ့ရည်ရွယ်ချက်ဟာ ပြည့်မြောက်ခဲ့ပါတယ်။
Park Hae Il
သရုပ်ဆောင်တစ်ယောက်ဖြစ်မလာခင် မထင်မရှားပြဇာတ်မင်းသားဘဝမှာကတည်းက အားပေးခဲ့တဲ့ ပရိတ်သတ်နဲ့ လက်ထပ်ခဲ့တာပါ။ သူ့ရဲ့ဇနီးဟာ သူမအောင်မြင်ခင် ငွေကြေးကြပ်တည်းနေချိန်မှာတောင် သူ့ရဲ့အလုပ်ကိုပံ့ပိုးပေးပြီး အချိန်ပိုင်းအလုပ်တွေလုပ်ကာ ချစ်ခြင်းမေတ္တာကိုပြသခဲ့တဲ့အပြင် သူဖျော်ဖြေတင်ဆက်တဲ့ ပြဇာတ်တိုင်းကိုလဲ လာရောက်အားပေးကြည့်ရှုခဲ့သူမို့ လက်ထပ်ဖို့အထိ ချစ်မိသွားတာလို့ Park Hae Il ကဆိုပါတယ်။
Nam Kyung Joo
Nam Kyung Joo ရဲ့ဇနီးဖြစ်သူဟာ သူ့ရဲ့ musical အပြီးမှာ sign ထိုးပေးဖို့တောင်းဆိုခဲ့ရာက စတင်တွေ့ဆုံခဲ့ကြပေမယ့် ၃ နှစ်ကျော်အကြာထိ idol နဲ့ fan အဖြစ်သာရှိခဲ့ပြီး သူ့ရဲ့ပွဲတိုင်းကို လာရောက်အားပေးလို့ မျက်မှန်းတန်းမိရုံပါပဲတဲ့။
ဒါပေမယ့် ဖူးစာကပါလာတော့ တစ်ရက်မှာတော့ အတူသောက်ဖြစ်ခဲ့ကြပြီး ထိုပရိတ်သတ်မိန်းကလေးရဲ့ အကြောင်းကိုသိရတဲ့အခါ လက်ထပ်တဲ့အထိချစ်မိသွားပါတော့တယ်။
Seo Tae Ji
တစ်ခေတ်တစ်ခါက နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Seo Tae Ji ကလဲ အမာခံပရိတ်သတ်ကို လက်ထပ်ယူခဲ့သူပါ။ ၁၉၉၃ ခုနှစ် LA concert မှာ သူ့ရဲ့ဇနီးဟောင်းက လာရောက်အားပေးခဲ့ရာက တွေ့ဆုံခဲ့တာဖြစ်ပြီး လက်ထပ်ခဲ့ကြပါတယ်။ စိတ်မကောင်းစရာကတော့ ၂၀၀၆ မှာ ကွာရှင်းခဲ့ကြပြီး ဇာတ်သိမ်းမလှခဲ့ပါဘူး။
Lee Sae Joon
ပရိတ်သတ်နဲ့ရွှေလက်တွဲခဲ့သူဖြစ်ပြီး “fan ကိုလက်ထပ်ရတဲ့ အကောင်းဆုံးအချက်ကတော့ သူကကျွန်တော့်ကို 100% နားလည်ပေးပြီး ကျွန်တော်လုပ်သမျှကို အမြဲအားပေးတယ်” လို့ဆိုပါတယ်။
သူ radio DJ လုပ်နေတုန်းမှာ နေ့တိုင်းလိုလို Sae Joon Baragi ဆိုတဲ့ပရိတ်သတ်ဟာ အိမ်လုပ်ကွတ်ကီးလေးတွေပို့ပေးခဲ့တာမို့ သတိထားခဲ့မိပါတယ်တဲ့။ တစ်နေ့မှာတော့ သူ့ကိုယ်သူ Sae Joon Baragi ပါလို့ မိတ်ဆက်ပြီး လူလုံးပြခဲ့တာကြောင့် ချစ်မိပြီး လက်ထပ်ခဲ့တာပါ။
Yoon Soo Il
သူ့ခေတ်သူ့အခါမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ အဆိုတော် Yoon Soo Il ဟာ မိခင်ဖြစ်သူ ဆေးရုံတက်နေတာကြောင့် ဘေးမှာနေပေးရာကနေ သူ့ရဲ့အနာဂတ်သတို့သမီးဖြစ်တဲ့ ပရိတ်သတ်နဲ့တွေ့ဆုံခဲ့ပါတယ်။ ‘တခြားပရိတ်သတ်တွေကတော့ ပန်းတွေ မုန့်တွေနဲ့ ဆေးရုံကိုလာကြတယ်။
ကျွန်တော့်ဇနီးကတော့ လက်ဗလာနဲ့လာပေမယ့် ကျွန်တော့်အမေဘေးမှာ အကြာကြီးနေပေးခဲ့တယ် သူ့ကြောင့်ပဲအမေက ၆ လအထိ အသက်ရှင်နိုင်ခဲ့တာ’ လို့ ဆိုပါတယ်။ အမေဆုံးပြီးနောက်မှာတော့ သူ့ကိုအားပေးရုံသာမက သူ့အမေကိုပါပြုစုပေးတဲ့ စိတ်နှလုံးလှတဲ့ ပရိတ်သတ်ကို မြတ်နိုးစွာလက်ထပ်ယူခဲ့ပါတယ်။
Lee Sung Min
ဒီလိုကျော်ကြားတဲ့ သရုပ်ဆောင်အဖြစ် ကြွယ်ဝစွာမနေရခင် ချို့တဲ့လွန်းလို့ theatre မှာပဲအိပ်ခဲ့ရတဲ့ ပြဇာတ်သရုပ်ဆောင်ဘဝမှာတည်းက သူ့အမျိုးသမီးဟာ သူ့ကိုအားပေးခဲ့သူပါ။
မရှိအတူဘဝမှာတောင် လက်တွဲမဖြုတ်ခဲ့ကြတဲ့အတွက် လက်ထပ်ပြီး ၂၅ နှစ်ကြာမှ အနုပညာလောကမှာ နေရာရလာပေမယ့် ဒီလိုရွှေရောင်နေ့ရက်တွေရောက်လာဖို့ သူ့ဇနီးက အမြဲတမ်းဘေးကနေ အားပေးခဲ့တယ်လို့ သိရပါတယ်။
source: koreaboo
written: Dar Dar