Categories: Celebrity News

Chanyeol အတွက် စံပြ ဂီတပညာရှင် အဆိုတော်ကြီး Lee Sun Hee ရဲ့ ချီးကျူးစကား

တောင်ကိုရီးယားတစ်နိုင်ငံလုံးက လေးစားရတဲ့ ဝါရင့်ဂီတပညာရှင် ဂန္ထဝင်အဆိုတော် Lee Sun Hee ရဲ့ ‘Anbu’ ဆိုတဲ့သီချင်းမှာ Chanyeol က သီချင်းနဲ့လိုက်ဖက်မယ့် rap အပိုဒ်ကို ကိုယ်တိုင်ရေးစပ်ကာ ပါဝင်အားဖြည့်သီဆိုခဲ့တာကို အားလုံးသိပြီးသားဖြစ်မှာပါ။

Chanyeol ဟာ အဆိုတော်ကြီး Lee Sun Hee နဲ့ တွဲဖက်သီဆိုခွင့်ရတဲ့ ပထမဆုံး boy group အဖွဲ့ဝင်လဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှာတော့ Lee Sun Hee ဟာ Chanyeol နဲ့အတူအလုပ်လုပ်ဖြစ်ခဲ့ပုံနဲ့ Chanyeol အပေါ်သူ့ရဲ့အမြင်ကို SBS ရဲ့ radio show တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သီချင်းအတွက်ပြင်ဆင်နေချိန် rap အပိုဒ်အတွက် ဘယ်သူကသင့်တော်မှန်းမသိလို့ ခင်မင်တဲ့လူငယ်တစ်ဦးဖြစ်တဲ့ မင်းသား Lee Seung Gi ကိုမေးမြန်းကြည့်တော့ Chanyeol ကိုညွှန်းဆိုခဲ့တာပါတဲ့။ အဲ့ဒါနဲ့ EXO ရဲ့သီချင်းတွေကို နားထောင်ကြည့်ပြီး Chanyeol ရဲ့ အသံကာလာကသီချင်းနဲ့လိုက်ဖက်မယ်ထင်လို့ ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

ထပ်ပြီးတော့ Chanyeol ရဲ့ ဂီတအပေါ်စိတ်အားထက်သန်မှုကိုလဲ ‘သူ့ကိုသီချင်းပို့ပေးပါပြောလို့ ပို့ပေးပြီး ၁၀ ရက်အကြာမှာပဲ သူ့ရဲ့အပိုင်းကိုပြင်ဆင်ပြီးသားဖြစ်နေပြီ။ သူ့ရဲ့ album အတွက်ပြင်ဆင်နေလို့ မအားတဲ့ကြားက ဒီလိုကြိုးစားပေးတာ အရမ်းကျေးဇူးတင်တာပဲ’ လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

‘သူဆိုရမယ့်အပိုင်းကိုပဲ အသံသွင်းဖို့လာရင်တောင် သီချင်းတစ်ပုဒ်လုံးအပေါ် တန်ဖိုးထားပြီး စီးမြောနေတာသိသာတယ်။ ပြီးတော့ ထပ်ထပ်ပြီးအားစိုက်ချင်နေတာ။ ဒါကြောင့်သူ့ကိုကြည့်ပြီး ကျွန်မရွေးချယ်မှု မှန်ကန်တယ်လို့ ခံစားခဲ့ရတယ်’ လို့ Chanyeol နဲ့တွဲဖက်လုပ်ကိုင်ရတဲ့အပေါ် စိတ်ချမ်းသာမှုကိုလဲ ဖွင့်ဟခဲ့ပါသေးတယ်။

လူငယ်တွေရဲ့အားပေးခြင်းကိုသာမက လူကြီးတွေရဲ့ အထင်ကြီးချစ်ခင်ခြင်းကိုပါ ခံယူရတဲ့ Chanyeol ကတော့ တကယ်ကိုဂုဏ်ယူစရာပါ။ ဒီလအတွင်းမှာပဲ Sehun နဲ့အတူ EXO-SC အဖြစ်ပြန်လာဦးမှာမို့ အောင်မြင်မှုတွေ ထပ်မံသိမ်းပိုက်ဖို့ရှိပါသေးတယ်။

source: Soompi
written: Dar Dar

Share