Categories: Celebrity News

မေတ္တာရှင်မလေး IU သူချစ်ခင်ရသူတွေကို ပေးခဲ့တဲ့ အဖိုးတန် လက်ဆောင်အချို့

အဆိုတော်သရုပ်ဆောင်မလေး IU ကတော့ တောင်ကိုရီးယားရဲ့ အလှူအတန်းအရက်ရောဆုံး အနုပညာရှင်တွေထဲမှာ အပါအဝင်ဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးသား ဖြစ်မှာပါ။ IU ဟာ လိုအပ်နေတဲ့လူတွေကို လှူဒါန်းမှုနဲ့ဖြည့်ဆည်းပေးရုံသာမက သူချစ်ရတဲ့အနီးနားကလူတွေကိုလဲ လက်ဆောင်တွေနဲ့ ပျော်ရွှင်စေလေ့ရှိပါတယ်။

၁။ သူ့ရဲ့ concert မှာ လာရောက်ဖျော်ဖြေပေးခဲ့တဲ့ Twice အဖွဲ့ဝင်တွေအားလုံးကို အဲ့ဒီအချိန်ကနောက်ဆုံးပေါ် iPhone XS Max တွေပေးခဲ့ပြီး Nayeon ကတော့ ဖုန်းလဲပြီးသားဖြစ်နေတာမို့ Gucci ကလက်စွပ်လေးတွေနဲ့ Chanel ဖိနပ်တစ်ရံပေးခဲ့ပါတယ်တဲ့။ Twice ကတော့ သူတို့ချစ်ရတဲ့စီနီယာက ချစ်လို့ပေးတဲ့တန်ဖိုးကြီးလက်ဆောင်တွေကို ပရိတ်သတ်ကို အားရဝမ်းသာကြွားခဲ့ကြတာပါ။

၂။ IU ဟာသူ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Lee Hyun Woo ကိုလဲ သူ့ရဲ့ MV တွေမှာ ပါဝင်သရုပ်ဆောင်ပေးတာကြောင်​့ ကျေးဇူးတင်မှုကိုပြသတဲ့အနေနဲ့ Gucci က $4000 တန် jacket တစ်ထည်ဝယ်ပေးခဲ့ပါတယ်။ သူတို့အတွက်တော့ တန်ဖိုးကြီး brand တွေကအဆန်းမဟုတ်ပေမယ့် တန်ဖိုးဖြတ်မရတာ IU ရဲ့စေတနာပါပဲ။

၃။ School Attack ဆိုတဲ့ရုပ်သံအစီအစဉ်မှာ အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းဆင်းပွဲကို သွားရောက်ဖျော်ဖြေရတုန်းက အဲ့ဒီကျောင်းကအထက်တန်းပြီးဆုံးသွားတဲ့ ကျောင်းသားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ၁၅၆ ဦးလုံးအတွက် ပန်းစည်းတွေ ချောကလက်တွေနဲ့ skin care လေးတွေ အသေးစိတ်ပြင်ဆင်ပေးခဲ့ပါတယ်။

၄။ IU ကိုပရိတ်သတ်တွေ ချစ်မဝဖြစ်ရတဲ့အကြောင်းကတော့ သူတို့ကိုလဲ ထပ်တူပြန်ချစ်လို့ပါပဲ။ နိုင်ငံတစ်နိုင်ငံကိုသွားတိုင်း သူ့ကိုလေယာဉ်ကွင်းမှာ လာကြိုတဲ့ပရိတ်သတ်တွေအတွက် မုန့်တွေအမြဲဝယ်သွားလေ့ရှိပြီး ထိုနိုင်ငံကပြန်လာရင်လဲ ကိုရီးယားပရိတ်သတ်တွေအတွက် ရိုးရာမုန့်လေးတွေဝယ်လာပေးလေ့ရှိပါတယ်။

၅။ တစ်ချိန်ကသူ့လိုပဲ အဆိုတော်အိပ်မက်အတွက် ကြိုးစားနေရတဲ့ ပရိတ်သတ်လေးကိုလဲ $3000 တန် Audio Technica microphone တစ်လုံး လက်ရေးစာလေးတစ်စောင်နဲ့ ပိုက်ဆံပမာဏထုတ်မပြောပဲ T-Money Card ထဲကို ထည့်ပေးပြီး လက်ဆောင်အဖြစ်ပေးခဲ့တဲ့ နွေးထွေးတဲ့နှလုံးသားပိုင်ရှင်ပါပဲ။

၆။ G-Dragon နဲ့လဲ မောင်နှမတွေလိုရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ IU ဟာ အစ်ကိုကြီး GD စစ်ထဲမဝင်ခင်မှာ GD မျက်နှာပုံနဲ့ဆိုဂျူတွေကို ရေခဲသေတ္တာတစ်လုံးစာနဲ့အပြည့် လက်ဆောင်ပေးပို့ဖူးပါတယ်။ အစ်ကိုကြီးစစ်ထဲမဝင်ခင် စိတ်ရှိသလောက် အဝသောက်လို့ရအောင်လို့ပါတဲ့။

၇။ Infinite Challenge အစီအစဉ်မှာ ခင်မင်ခဲ့တဲ့ ဟာသသရုပ်ဆောင်ကြီး Park Myung Soo ကလဲ IU ဟာနှစ်သစ်ကူးတိုင်း သူတို့အိမ်ကို လက်ဆောင်တွေမပျက်မကွက်ပို့ပေးတယ်လို့ ဆိုပါတယ်။ စေတနာကောင်းပြီး ခင်မင်တတ်တဲ့ IU ကို မပို့ပါနဲ့လို့လဲ တားလို့မရပါဘူးတဲ့။

ဒီလိုလက်ဆောင်တွေအပြင် IU ဟာ သူနဲ့သိကျွမ်းခင်မင်ဖူး အလုပ်အတူလုပ်ဖူးသူတွေအားလုံးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလဲ မပျက်မကွက် food truck ပို့ပေးပြီး အားပေးတတ်တဲ့ မိတ်ဆွေကောင်းလေးပါ။ သူ့လိုနတ်သမီးလေးနဲ့သိကျွမ်းခွင့်ရတဲ့လူတွေကတော့ တကယ်ကိုကံကောင်းတာပါပဲနော်။

source: koreaboo
written: Dar Dar

Share