မိုးလေးဖွဲဖွဲရွာနေတဲ့ ရာသီဥတုမှာ အားလုံးရဲ့ဆန္ဒကတော့ စောင်လေးတစ်ထည်နဲ့ကွေးပြီး ခံစားလို့ကောင်းတဲ့ ရုပ်ရှင်လေးတွေကို ကြည့်ချင်တာပါ။ ကော်ဖီလေးဝိုင်လေးတစ်ခွက်နဲ့ ခံစားလို့ကောင်းတဲ့ ကိုရီးယားရုပ်ရှင်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
၁။ Be With You
မိုးတွေရွာလာတိုင်း တိမ်တိုက်နိုင်ငံကနေ လူ့ပြည်ကိုပြန်လာမယ်ဆိုတဲ့ မေမေဟာ သူ့သားလေးကိုပေးခဲ့တဲ့ကတိကို တကယ်တည်နိုင်မလားဆိုတာကို ကြည်နူးရ လွမ်းမောရ ဆို့နင့်ရပြီး ရသမျိုးစုံနဲ့ အချိန်ကုန်ရကျိုးနပ်တဲ့ Son Ye Jin နဲ့ So Ji Sub ရဲ့ မိုးရာသီအငွေ့အသက် အပြည့်နဲ့ ရုပ်ရှင်လေးပါ။
၂။ The Beauty Inside
နေ့စဉ်နေ့တိုင်း မျက်နှာအသစ် လူအသစ်အဖြစ်နဲ့နေရမယ်ဆိုရင် အချစ်စစ်နဲ့တွေ့ဖို့အလွန်ခက်ခဲပြီး တကယ်တွေ့ရမယ်ဆိုရင်လဲ အခက်အခဲများစွာကို ရင်ဆိုင်ရမှာပါပဲ။ တမူထူးခြားတဲ့ဇာတ်လမ်းနဲ့ ဒီရုပ်ရှင်လေးကိုတော့ Han Hyo Joo နဲ့ နာမည်ကျော်မင်းသားများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
၃။ On Your Wedding Day
အထက်တန်းကျောင်းသားဘဝမှာ စတင်တွေ့ဆုံခဲ့ကြတဲ့ Woo Yeon နဲ့ Seung Hee တို့ရဲ့ ရေစက်နဲ့ကံကြမ္မာကို အခြေပြုတဲ့ ငယ်ချစ်ဦးပုံပြင်လေးကလဲ အချစ်ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ကြည့်ပြီးတဲ့အခါ ရင်ထဲမှာနွေးထွေးပြီးကျန်ခဲ့မှာမို့ မိုးရာသီနဲ့အထူးလိုက်ဖက်ပါတယ်။
၄။ The Man From Nowhere
မတော်တဆမှုတစ်ခုကြောင့် ဇနီးကိုရောရင်သွေးကိုပါ တစ်ပြိုင်တည်းဆုံးရှုံးလိုက်ရတဲ့ Tae Sik (Won Bin) တစ်ယောက် ဘဝကိုရေစုန်မျောပြီးနေခဲ့ရာက မထင်မှတ်တဲ့ ကလေးမလေးတစ်ယောက်ကြောင့် ဘဝရဲ့အဓိပ္ပာယ်ကိုပြန်ရှာတွေ့ခဲ့ရတဲ့ မေတ္တာတရားကို ရသမြောက်အောင် ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးပါ။
၅။ My Brillant Life
အရွယ်မတိုင်မီအိုမင်းတဲ့ ရောဂါဆန်းကိုခံစားနေရလို့ ငယ်ဘဝရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးရတဲ့ကောင်ငယ်လေးနဲ့ ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ကျပြီး ရောဂါသည်သားလေးကို ပြုစုစောင့်ရှောက်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အခက်အခဲ ပင်ပန်းဆင်းရဲမှုတွေကြားက ဘဝအကြောင်းဖြစ်ပြီး မင်းသမီး Song Hye Kyo ရဲ့ မတူတဲ့ပုံစံကို မြင်ရမှာပါ။
၆။ Spellbound
သူ့ရဲ့ပြကွက်တွေအတွက် အသစ်အဆန်းတွေကို ကြိုးစားကြည့်ချင်တဲ့ မျက်လှည့်ဆရာလေးနဲ့ သရဲတွေကိုမြင်နိုင်စွမ်းရှိတဲ့ မိန်းမငယ်လေးတို့ရဲ့ကြားက ကြည်နူးစရာချစ်ပုံပြင်လေးကတော့ မှုန်မှိုင်းနေတဲ့မိုးရာသီကို အလင်းဆောင်ပေးမယ့်ချစ်စရာဇာတ်လမ်းလေးပါ။
၇။ Tune In For Love
အချစ်စစ်တို့ မည်သည်ဘယ်တော့မှ ခရီးလမ်းဖြောင့်ဖြူးခြင်းမရှိပါဘူး။ နှစ်ပေါင်းများစွာ အနှောင့်အယှက်မျိုးစုံနဲ့ ဝေးကွာသွားလိုက် နီးကပ်လာလိုက်ဖြစ်နေတဲ့ ချစ်ခြင်းတရားကို ဘယ်လိုဖမ်းဆုပ်အကောင်အထည်ဖော်မလဲဆိုတာ မြင်ရမှာမို့ မိုးရွာတဲ့နေ့မှာ လွမ်းဆွေးနေတဲ့ ပရိတ်သတ်တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။
KSF
written : Dar Dar