Categories: Celebrity News

စစ်မှုထမ်းတာဝန်ကို ရွှေ့ဆိုင်းဖို့ ကြိုးစားနေတယ်လို့ ဝေဖန်ခံနေရတဲ့ BTS

ဝေဖန်သူတွေက BTS အဖွဲ့ဝင်တွေဟာ ဘွဲ့လွန်သင်တန်းတက်ရောက်ဖို့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းတာဝန် ရွှေ့ဆိုင်းဖို့ ကြိုးစားနေတယ်လို့ ထောက်ပြနေကြတာပါ။ မကြာသေးမီက BTS အဖွဲ့ရဲ့ V နဲ့ Jimin တို့ဟာ Hanyang Cyber University မှ ပို့ချတဲ့ MBA ဘွဲ့လွန်သင်တန်းကို စက်တင်ဘာလမှ စတင်ကာ တက်ရောက်တော့မယ်လို့ Big Hit Entertainment မှ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Big Hit ကတော့ အဖွဲ့ဝင် Jin ဟာ ၂၀၁၇ ခုနှစ်မှ စ၍ MBA တက်ရောက်နေခဲ့တာဖြစ်ပြီး RM, Suga နဲ့ J-Hope တို့ကတော့ ပြီးခဲ့တဲ့နှစ် မတ်လမှ စတင်ကာ တက်ရောက်နေခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jungkook ကတော့ ဘွဲ့ကြိုသင်တန်းတက်ရောက်နေတာဖြစ်တဲ့အတွက် Jungkook မှအပ ကျန် အဖွဲ့ဝင် ၆ ယောက်ဟာ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်နေကြတာပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသားတိုင်း စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။ မလွဲမရှောင်သာတဲ့အခြေအနေ – ဥပမာ ဘွဲ့လွန်တန်း တက်ရောက်နေသူများ စတဲ့ အခြေအနေမျိုးမှသာ အသက် ၂၈ အထိ စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းနိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၁၇ ကတည်းက ဘွဲ့လွန် MBA သင်တန်း တက်ရောက်နေတဲ့ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Jin ဟာ သူ ဘွဲ့ရသည်အထိ (သို့မဟုတ်) ၂၈ နှစ်အထိ စစ်မှုထမ်းတာဝန် ရွှေ့ဆိုင်းခွင့်ရှိထားပါတယ်။ ခုဆိုရင်တော့ ကျန် အဖွဲ့ဝင်များလည်း အလားတူပါပဲ။

Big Hit Entertainment ကတော့ အဖွဲ့ဝင်တွေ ဒီလို MBA တက်ရောက်ဖို့ ဆုံးဖြတ်တာဟာ စစ်မှုထမ်းမှုနဲ့ မသက်ဆိုင်ပဲ အဆင့်မြင့်ပညာကို ဆက်လက်သင်ယူလိုတဲ့ အဖွဲ့ဝင်တွေရဲ့ စိတ်အားထက်သန်မှုကြောင့်သာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

စစ်မှုထမ်းဆောင်မှုဟာ K-Pop အဖွဲ့တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာ ပြသနာတစ်ခုအဖြစ်ရှိနေခဲ့တာပါ။ စစ်မှုထမ်းဆောင်စဉ် ၁၈ လအတွင်း မိမိတို့ရဲ့ အနုပညာအားလုံးကိုရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဖွဲ့ဝင်များအတွင်း အသက်ကွာခြားမှုကြီးတဲ့ အဖွဲ့တွေအတွက်တော့ အဖွဲ့လိုက် လှုပ်ရှားမှု ရပ်ဆိုင်းရမှုဟာ ပိုမို ကြာညောင်းမှာပါ။

ဒီလို ဝေဖန်မှုများနဲ့ စတင်ရင်ဆိုင်နေရတဲ့အကြောင်းအရင်းတစ်ခုကတော့ ၂၀၁၈ ခုနှစ်မှာ BTS အဖွဲ့ရဲ့ Fan Club တစ်ခုမှ တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ နိုင်ငံတကာမှ ဆုများစွာ သိမ်းပိုက်နေတဲ့အဖွဲ့ပြီး နိုင်ငံရဲ့ တိုးတက်မှုနဲ့ ယဉ်ကျေးမှု စတဲ့ ကိစ္စတွေမှာ ပါဝင်ကူညီနေတဲ့ အဖွဲ့ဖြစ်တဲ့အတွက် BTS အဖွဲ့ဝင်များရဲ့ စစ်မှုထမ်းဆောင်မှုကို ကင်းလွှတ်ခွင့်ပေးဖို့ လက်မှတ်ထိုးတောင်းဆိုမှု ပြုလုပ်ခဲ့တာပါ။

အစိုးရအဖွဲ့အစည်းတွေစုပေါင်း၍ တောင်းဆိုမှုကို သုံးသပ်ပြီးတဲ့နောက်မှာတော့ နိုင်ငံရဲ့ အချုပ်အခြာနဲ့ သာတူညီမျှမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် အနုပညာရှင်တွေအတွက် စစ်မှုထမ်းကင်းလွှတ်ခွင့်ကို မသတ်မှတ်ပေးနိုင်ကြောင်း အစိုးရမှ ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။

Source: SCMP Style
Written: Gyi Gyi

Share