Categories: Celebrity News

YouTuber တစ်ဦးနဲ့ အပေါင်းအသင်းလုပ်မိလို့ ဝေဖန်ခံနေရတဲ့ NCT အဖွဲ့ဝင် Yuta

လတ်တလောမှာ NCT အဖွဲ့ဝင် Yuta ဟာ ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ အကြောင်းကတော့ live streaming တစ်ခုမှာ YouTuber တစ်ယောက်နဲ့ ရင်းနှီးနေကြောင်း လွန်ခဲ့တဲ့နေ့ကတောင် တွေ့ဖြစ်သေးကြောင်း ပရိတ်သတ်တွေကို ဖွင့်ဟခဲ့ပြီး အင်စတာဂရမ်မှာတောင် အဆိုပါ Youtuber Rhee-kun ကို follow ထားတာကြောင့်ပါ။

Yuta အဲ့လို ပြောပြပြီးသိပ်မကြာခင်မှာပဲ fans တွေဆီက Yuta ကိုဆိုးဆိုးဝါးဝါး​ဝေဖန်တဲ့ comment တွေ Yuta ပြန်တောင်းပန်ပါဆိုတဲ့ စကားတွေ သောသောညံလာပါတယ်။ အကြောင်းကတော့ Yuta အပေါင်းအသင်းလုပ်နေတယ်ဆိုတဲ့ YouTuber ဟာ ကိုရီးယားကို ဆန့်ကျင်သူတစ်ဦးဖြစ်ပြီး YouTube မှာ တင်ထားတဲ့ video တွေကလဲ အမျိုးသမီးတွေကို မလေးမစားစော်ကားထားတာတွေ ပါဝင်လို့ပါ။

ပရိတ်သတ်အချို့ကတော့ Rhee-kun ကို အစတည်းက သိကြပြီး မသိကြတဲ့ပရိတ်သတ်တွေဟာ Yuta ရဲ့ live အပြီးမှာ Rhee-kun အကြောင်း ရှာကြည့်ကြတဲ့အခါ သမ္မတမွန်းဂျယ်အင်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာလဲ တွေ့ရတတ်ပြီး သူ့ရဲ့ Youtube video အချို့ကလဲ ‘ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့ ကိုရီးယားလူမျိုးမိန်းကလေးတွေနဲ့ ဘယ်လိုအိပ်ရမလဲ’ ဆိုတဲ့ မိုက်မိုက်ရိုင်းရိုင်း အကြောင်းအရာတွေ ပါဝင်တာတွေ့ခဲ့ရပါတယ်။

Yuta ကတော့ သူ့သူငယ်ချင်းအသစ်အကြောင်း ပရိတ်သတ်ကို ထုတ်ပြောခဲ့ရုံပေမယ့် ပရိတ်သတ်အတွက်ကတော့ ဒီလို ကိုရီးယား-ဂျပန် တင်းမာမှုနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေ ဆတ်ဆတ်ထိမခံ ဖြစ်နေချိန်မှာ Rhee-kun နဲ့ ရင်းနှီးနေကြောင်း ထုတ်ပြောတာကိုပဲ ပြဿနာဖြစ်နေတာပါ။

ဒီလိုလူမျိုးနဲ့ရင်းနှီးနေကြောင်းကို kpop အဖွဲ့ဝင်ဖြစ်ပြီး ကိုရီးယားမှာလှုပ်ရှားမှုလုပ်နေတဲ့ Yuta က ရုပ်သံလွှင့်ချိန်မှာ ထုတ်မပြောသင့်ကြောင်း ဝေဖန်ပြီး Yuta ဘက်က တစ်စုံတစ်ရာ ဖြေရှင်းတာကို အလိုရှိနေကြပါတယ်။

Source : Koreaboo
Written : Dar Dar

Share