Categories: Celebrity News

ပရိတ်သတ်တို့ အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ BLACKPINK ရဲ့ ပထမဆုံး Full Album ထွက်ရှိလာမယ့်နေ့ရက်

ဇူလိုင်လ ၂၈ ရက်နေ့က YG Entertainment က BLACKPINK ရဲ့ ပထမဆုံး Full Album အတွက် teaser ပုံထုတ်ပေးခဲ့ပါတယ်။ teaser ပုံထဲမှာ ပါတဲ့အတိုင်းဆိုရင် Album ရဲ့ခေါင်းစဉ်က “BLACKPINK THE ALBUM” ဖြစ်ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာ ထွက်ရှိလာမှာပါတဲ့။

အေဂျင်စီက တာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရဆိုရင် ၂၀၂၀ အတွင်းမှာ BLACKPINK အနေနဲ့ နိုင်ငံတကာဈေးကွက်ကို ပိုပြီးထိုးဖောက်နိုင်ဖို့ နည်းစနစ်ကျကျလုပ်ဆောင်သွားမှာပါတဲ့။ ဒီလိုလုပ်ဆောင်တဲ့အခါမှာလည်း ကမ္ဘာမှာအကြီးဆုံး music group ဖြစ်တဲ့ Universal Music နဲ့လက်တွဲခွင့်ရတာကလည်း သူတို့အတွက်ကောင်းခြင်းတစ်မျိုးပါပဲတဲ့။

YG Entertainment ကအရင်ကတည်းကဒီတစ်ခေါက် Comeback ကသုံးပိုင်းရှိမယ်လို့ကြေညာထားပါတယ်။ ဇွန်လကထွက်ရှိခဲ့ပြီးအခုထိအောင်မြင်မှုတွေသိမ်းပိုက်နေတဲ့ How You Like That က comeback ရဲ့ပထမပိုင်းဖြစ်ပြီး မကြာခင်ထွက်ရှိလာမယ့် ကမ္ဘာကျော်အဆိုတော်တစ်ယောက်ပါဝင်လာမယ့်လို့ သဲလွန်စပေးထားတဲ့ Single တစ်ပုဒ်က comeback ရဲ့ဒုတိယပိုင်းဖြစ်လာမှာပါ။

ဒီတစ်ခေါက် Album တစ်ခုလုံးထွက်ရှိလာရင်တော့ comeback တစ်ခုလုံးပြီးပြည့်စုံသွားပါပြီ။ ဒါက BLACKPINK ရဲ့ပထမဆုံး Full Album ဖြစ်လာမှာမို့ BLINKs တွေကတော့စိတ်လှုပ်ရှားတက်ကြွနေကြမှာအမှန်ပါပဲ။

Source : Soompi
Written : Helra

Share