Categories: Celebrity News

High Heels တွေကို နှစ်သက်ရတဲ့အကြောင်းအရင်းကို ထုတ်ပြောခဲ့တဲ့ Jo Kwon

Kpop လောကလို ပုံရိပ်နဲ့ပတ်သတ်ရင် အတိမ်းစောင်းမခံတဲ့ရပ်ဝန်းမှာ Jo Kwon တစ်ယောက်ကတော့ သူ့ရဲ့ဖြစ်တည်မှုနဲ့ သူကြိုက်နှစ်သက်တဲ့အရာတွေအပေါ် သဘောထားကိုရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ သူ့ဘဝရဲ့ တန်ဖိုးအထားရဆုံးအရာတွေဟာ ဒေါက်ဖိနပ်တွေလို့ ဂုဏ်ယူစွာဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် Jo Kwon ဟာ heels တွေကို သိမ်းထားရုံသာဖြစ်ပြီး ကတဲ့အခါမှသာစီးပါတယ်တဲ့။ တစ်ခါတစ်လေလဲ အရမ်းပင်ပန်းတဲ့အခါမှာ သိမ်းထားတဲ့ heels တွေကိုကြည့်ရင်းအားပြည့်လာသလို ခံစားရတယ်လို့ ဆိုပါတယ်။ Heels တွေနဲ့ပတ်သတ်တဲ့ သူ့ရဲ့ကြိုက်နှစ်သက်မှုကတော့ ငယ်စဉ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အဒေါ်ဖြစ်သူက ဒေါက်ဖိနပ်တွေစီးတာကြောင့် သူလဲသဘောကျခဲ့တာလို့ ဆိုပါတယ်။

ကိုရီးယားလူမှုအသိုင်းအဝိုင်းကတော့ ရှေးရိုးစွဲနေဆဲဖြစ်တာကြောင့် ယောက်ျားလေးတစ်ယောက် heels ကိုသဘောကျတာဟာ မလျော်ကန်တဲ့ကိစ္စလို​့ မှတ်ယူထားတာမို့ Jo Kwon အနေနဲ့လဲ သူ့ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ အကြိုက်တွေအတွက် အတော်စိတ်ဖိစီးခဲ့ရပြီး အခုတော့ ဒါတွေကသာ သူ့ကို unique ဖြစ်စေတယ်ဆိုတာကို သူသိသွားခဲ့ပါပြီ။

‘လူတစ်ယောက်ကို လက်ညှိုးထိုးပြီး သူကဒီလို သူကဟိုလိုလို့ ပြောနေရင်တော့ karma က တစ်ပတ်လည်လာမှာပဲ။ အသက်နှစ်ဆယ်လောက်ကတော့ လူတွေကကျွန်တော့်ကိုကြည့်ပြီး သူကဒီဟာဖြစ်မယ် ဟိုလိုဖြစ်မယ်လို့ ပြောကြတာတွေကြောင့် စိတ်ဆင်းရဲခဲ့ရတယ်။ ဒါပေမယ့် စစ်မှုထမ်းပြီး အသက် ၃၀ မှာတော့ ကျွန်တော့်ရဲ့ပုံစံက ကျွန်တော့်ရဲ့လက်နက်ပဲလို့သိခဲ့ရတယ်။ Jo Kwon ဆိုတာကို genre တစ်ခုဖြစ်အောင်ဖန်တီးမှာပါ’ လို့ ရဲရဲဝံ့ဝံ့ဆိုပါတယ်။

ဆက်လက်ပြီးတော့ အများရဲ့အမြင်ကို ပြောင်းလဲဖို့နဲ့ လူတစ်ဦးရဲ့အကြိုက်ကိုကြည့်ပြီး သူ့ကိုတစ်ခုခုသတ်မှတ်လိုက်ဖို့မလိုကြောင်းလဲ တိုက်တွန်းခဲ့ပြီး ‘ကျွန်တော် high heels တွေစီးပြီး လူထုရှေ့ကို ထွက်လာတဲ့အခါ ဒီကောင်ဘာလုပ်နေတာလဲလို့ တွေးမယ့်အစား ဒါ Jo Kwon ပဲလို့ သဘောထားပေးကြမယ်လို့ မျှော်လင့်တယ်’ လို့လဲ သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါသေးတယ်။

Source : Koreaboo
Written : Dar Dar

Share