Categories: Celebrity News

ပရိတ်သတ်တွေကို ရင်ကွဲစေခဲ့တဲ့ သွားလေသူ Goo Hara ရဲ့ ဒိုင်ယာရီ

JTBC ရုပ်သံလိုင်းကနေထုတ်လွှင့်တဲ့ Spotlight ရုပ်သံအစီအစဉ်ကနေ Goo Hara ရဲ့သေဆုံးမှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေရယ် သူ့ရဲ့မိခင်အရင်းနဲ့ မိသားစုကြားက တရားဥပဒေအရ ယှဉ်ပြိုင်မှုတွေကို သုံးသပ်ခဲ့ကြပါတယ်။ အပိုင်းသစ်တစ်ခုမှာတော့ သေဆုံးသူရဲ့ ဒိုင်ယာရီထဲမှာ နာကျင်စရာအကြောင်းအရာတွေပါဝင်နေတာကို တွေ့ရှိခဲ့ရတာပါ။

သူ့ရဲ့ဒိုင်ယာရီထဲမှာတော့ ခက်ခဲပင်ပန်းတဲ့အချိန်မှာ သူ့အတွေးတွေက ဘယ်လိုရှိတယ် သူဘယ်လိုခံစားရတယ်ဆိုတာကို ထင်ဟပ်နေပြီး အချို့သော စာပိုဒ်လေးတွေကတော့ သူကျောင်းသားဘဝတည်းက ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

‘Hara ရေ အဆင်ပြေတယ် မနာကျင်ရပါဘူး အဆင်ပြေပါတယ်’ လို့ သူ့ကိုယ်သူအားပေးထားတာ တွေ့ရပြီး တစ်ခါတစ်လေလဲ သူ့ကိုယ်သူချစ်ကြောင်းနဲ့ ဒီနေ့တစ်နေ့ရဲရင့်ပြီး အားအင်အပြည့်နဲ့ ဖြတ်သန်းမယ်ဆိုကာ စိတ်ပိုင်းဖြတ်ထားပြီး သူ့ကိုယ်သူအားပေးထားတဲ့ စာလေးတွေလဲ ရေးထားတတ်တာကို တွေ့ခဲ့ရပါတယ်။

အချို့သောအချိန်တွေမှာလဲ Hara ဟာ သူစုဆောင်းထားတဲ့ အနုပညာကြေးတွေနဲ့ ဝယ်ယူလိုက်တဲ့အရာတွေကို ပီတိဖြစ်စွာမှတ်သားထားသလို ကောင်းမွန်တဲ့အနာဂတ်ကို မျှော်မှန်းလေ့ရှိပြီး တခါတရံမှာလဲ သူယုံကြည်ရာ ဘုရားသခင်ကို တိုင်တည်ပြီး သူ့ကိုကြည့်ရှုစောင်မဖို့ အပြစ်အလုံးစုံကိုခွင့်လွှတ်ဖို့ အပူတပြင်း ဆုတောင်းထားတာကိုလဲ တွေ့ရပါတယ်။

ပရိတ်သတ်တွေကို ရင်အနာကြီးနာစေခဲ့တာကတော့ Hara ရေးသားထားတဲ့ သူ့အမေနဲ့ပတ်သတ်တဲ့ စာတိုလေးတွေပါပဲ။ Hara ဟာ အမေနဲ့ပတ်သတ်တဲ့ ဘယ်သူ့ကိုမှ ထုတ်မပြောတဲ့အရာလေးတွေကို ဒိုင်ယာရီမှာ ရေးမှတ်ထားလေ့ရှိပါတယ်။

‘အမေ့ကိုသတိရတယ်၊ အမေ့ကိုခံစားကြည့်ချင်တယ် အမြဲတမ်းမြိုသိပ်ပြီး ထုတ်မပြောခဲ့ပေမယ့် တခြားသူတွေထက်ပို စိတ်ပြင်းပြပြီး ခံစားကြည့်ချင်တယ်’ အစရှိတာမျိုးတွေလဲ တွေ့ရပြီး တစ်ခါတစ်ရံမှာတော့ ‘Goo ဖေဖေရေ ကျွန်မကကျွန်မကို မွေးထားတဲ့ Song __ ကြောင့် ဒီလိုဖြစ်နေရတာပါ။

အဖေ့ကိုဖောက်ပြန်ဖို့ သွားတာကို ဘာလို့ကျွန်မကို အမြဲခေါ်သွားခဲ့တာလဲ။ ဒီလိုလုပ်မယ်ဆို ဘာလို့မွေးထားသေးလဲ’ လို့ အပြစ်တင်တာမျိုးလဲ ရှိခဲ့ပါတယ်။

JTBC ဟာ ဒီ diary စာအုပ်ကို စိတ်ပညာရှင် ပရော်ဖက်ဆာ Kim Tae Kyung ဆီယူဆောင်သွားပြီး Hara ရဲ့စိတ်အခြေကို သုံးသပ်စေခဲ့တဲ့ အခါမှာတော့ Hara ရဲဒိုင်ယာရီထဲမှာ အများဆုံးရေးသားထားတာက ‘အဆင်ပြေတယ်’ ဆိုတဲ့ စကားဖြစ်တာကြောင့် သူဟာသူ့ကိုယ်သူ တကယ်အဆင်ပြေတယ်လို့ ခံစားလာရစေဖို့ ဒီစာလုံးကိုခဏခဏ ချရေးနေတာဖြစ်ကြောင်းနဲ့ အချစ်ခံရဖို့မထိုက်တန်ဘူးလား ဆိုတဲ့သဘောမျိုး မေးခွန်းတွေလဲ အများကြီးတွေ့ရတာမို့ Hara ဟာ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာကို တောင့်တငတ်မွတ်နေခဲ့သူလို့ သုံးသပ်ခဲ့ပါတယ်။

မိသားစုနဲ့ပတ်သတ်ရင်လဲ Hara ဟာ အဖေကိုတော့ ချစ်ခြင်းမေတ္တာထားရှိပြီး အမေကိုတော့ Song __ လို့သာ နာမည်တပ်ရေးတာ များတာကြောင့် သွေးသားတော်စပ်တယ်ဆိုတာကလွဲ ဘယ်လိုမှသတ်မှတ်မထားခဲ့ဘူးလို့ Professor Kim Tae Kyung က သုံးသပ်ခဲ့ပါတယ်။

Source : JTBC, Koreaboo
Written : Dar Dar

Share