Categories: Celebrity News

လူမြင်ကွင်းကနေ ပဟေဠိဆန်ဆန်ပျောက်ကွယ်သွားခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ

ကိုရီးယားအနုပညာလောကမှာ ပြစ်မှုကြီးကြီးမားမား ကျူးလွန်တယ်ဆိုရင်တော့ ဒီလောကမှာ ဆက်ရပ်တည်ဖို့ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် အနုပညာရှင်အဖြစ်ကနေ နှုတ်ထွက်သွားခဲ့ရတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီအနုပညာရှင်တွေထဲက အချို့ကတော့ မတူညီတဲ့အကြောင်းပြချက်တွေနဲ့ လူထုမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ကြတာပါ။

၁။ Ori

၂၀၀၉ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ အဆိုတော်မလေး Ori ကတော့ သူ့ရဲ့ပွဲဦးထွက်ဖျော်ဖြေမှုအပြီးမှာတင် အဆိုတော်အဖြစ် တစ်ကြိမ်သာဖျော်ဖြေလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။

အကြောင်းအရင်းကတော့ သူ့ရဲ့ပထမဆုံးဖျော်ဖြေမှုမှာတင် netizens တွေရဲ့ ပြင်းပြင်းထန်းထန်ဝေဖန်မှုကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာရခဲ့သလို သူ့ရဲ့ဘဝကိုလူမသိအောင် နေထိုင်ဖို့ပဲဆုံးဖြတ်ခဲ့တာပါ။

ငယ်ရွယ်တဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတာဖြစ်လို့ အတော်ခက်ခဲခဲ့ပြီး အခုတော့ Ori ရဲ့ဘဝလေးက အနည်ထိုင်နေပြီဖြစ်ပြီး ဂျပန်နိုင်ငံမှာ တေးရေးဆရာအဖြစ်ရပ်တည်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းသဲ့သဲ့ကြားရပါတယ်တဲ့။

၂။ Lee Tae Im

ပရိတ်သတ်အများစုကတော့ Lee Tae Im ရဲ့မျက်နှာလေးကို ရင်းနှီးနေကြမှာပါ။ မင်းသမီး Lee Tae Im ကတော့ သူ့ရဲ့အောင်မြင်မှုအထွတ်အထိပ်ကို ရောက်နေတဲ့အချိန်မှာပဲ အနုပညာလောကက အနားယူဖို့ဆုံးဖြတ်လိုက်တာပါ။

၂၀၁၂ ခုနှစ်မှာ သူ့ရဲ့အေဂျင်စီကတောင် မသိလိုက်ပဲ အင်စတာဂရမ်မာ ‘မတွေ့ရတာ ကြာပြီနော် ကျွန်မ Tae Im ပါ။ ကျွန်မ အမျိုးမျိုးသော အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အတွေးပေါင်းစုံ ပြဿနာပေါင်းစုံနဲ့ ရုန်းကန်နေရပါတယ်။

အခုချိန်ကနေစပြီး သာမာန်လူတစ်ယောက်အနေနဲ့ပဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်မကို ချစ်ခင်ပေးပြီးအားပေးတဲ့သူတွေအားလုံးကို မမေ့ပါဘူး’ လို့ စာတိုလေးတင်ခဲ့ပြီး သူ့ကို အနုပညာလောကမှာ မတွေ့ရတော့ပါဘူး။

၃။ G.NA

အဆိုတော် တစ်ယောက်ဖြစ်ခဲ့တဲ့ G.NA ကတော့ ၂၀၁၆ ခုနှစ်မှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပွားခဲ့တာပါ။ အမေရိကန်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆီက ကိုရီးယားဝမ် 35,000,000 ကိုလက်ခံပြီး အတူနေခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။

အဲ့ဒီသတင်းတွေထွက်ပေါ်လာမှုအပြီးမှာ G.NA ကတော့ သူဟာငွေကြေးအရှုပ်အရှင်းတွေ စိတ်မဝင်စားပဲ ထိုလူနဲ့ blind date သဘောမျိုးသာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပေမယ့် ပြဿနာတွေက ပိုမိုရှုပ်ထွေးလာပြီး အနုပညာလောကကနေရော လူမြင်ကွင်းကပါ ပျောက်ကွယ်သွားခဲ့တာပါ။ လေးနှစ်ကျော်ကြာ သတင်းအစအန မကြားခဲ့ရာက ၂၀၂၀ မှာတော့ သူ့ရဲ့အင်စတာဂရမ်မှာ ပုံလေးတစ်ပုံတင်လာခဲ့ပါတယ်။

၄။ Cha Yoon Ji

I ဆိုတဲ့ stage name နဲ့ ၂၀၁၇ ခုနှစ်မှာ ‘I Dream’ ဆိုတဲ့ album ပွဲဦးထွက်ခဲ့ပြီး အဲ့ဒီ album ဟာ သူ့ရဲ့ပထမဆုံးနဲ့ နောက်ဆုံး album ဖြစ်ခဲ့ပါတယ်။

ပွဲဦးထွက်ပြီးနောက် The Unit ဆိုတဲ့ အောင်မြင်တဲ့ survival show မှာ ပါဝင်ခဲ့သေးပေမယ့် ပြိုင်ပွဲတစ်ဝက်မှာတင် ကျန်းမာရေးပြဿနာကြောင့် နှုတ်ထွက်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ သူ့ကို အနုပညာလောကမှာ လုံးဝမတွေ့ရတော့ပါဘူး။

သူ့ရဲ့ အင်စတာဂရမ်မှာတော့ တစ်ခါတစ်ရံ ပုံလေးတွေ တင်တတ်ပေမယ့် စင်မြင့်ပေါ်မှာဖျော်ဖြေနေတာကိုတော့ တွေ့မြင်ရဖို့ အခွင့်အရေးမရှိတော့တာပါ။

၅။ Kim Hee Jung

၂၀၀၀ ခုနှစ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး ၂၀၀၇ ခုနှစ်အထိ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း အနုပညာလောကကနေ ရုတ်တရက် ပျောက်သွားခဲ့ပြီး ပရိတ်သတ်တွေနဲ့လဲ အဆက်ပြတ်ခဲ့ပါတယ်။

ဒါပေမယ့် ငါးနှစ်လောက်ပျောက်သွားပြီး ၂၀၁၂ ခုနှစ်မှာ သရုပ်ဆောင်အဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး အခုတော့ အနုပညာအလုပ်တွေ ပုံမှန်လုပ်နေပါတယ်။ ငါးနှစ်လောက် ပျောက်ကွယ်သွားရခြင်းအကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Source : Koreaboo
Written : Dar Dar

Share