လက်ရှိမှာ အမေရိကန်နိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အခြေစိုက်နေတဲ့ သရုပ်ဆောင် Seo Min Jung ကတော့ BTS အဖွဲ့ရဲ့ SiriusXM ဆိုတဲ့ အမေရိကန် ရေဒီယိုအစီအစဉ်အတွက် ရိုက်ကူးရေးမှာ ဘာသာပြန်အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပြီး BTS အဖွဲ့နဲ့လဲ ရင်းနှီးမှုရရှိခဲ့ပါတယ်။
ထိုအစီအစဉ်အပြီးမှာတော့ Seo Min Jung ဟာ BTS အဖွဲ့ဝင်တွေအားလုံးအတွက် အမှတ်တရလက်ဆောင်အနေနဲ့ သူကိုယ်တိုင်ထိုးထားတယ်ဆိုတဲ့ beanie ဦးထုပ်လေးတွေပေးခဲ့ပါတယ်။ Beanie ပေါ်မှာ အဖွဲ့ဝင်တွေရဲ့နာမည်တွေကို ကျောက်လေးတွေနဲ့ စီခြယ်ထားတာမို့ BTS အဖွဲ့ဝင်တွေလဲ သဘောတွေ့ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီလက်ဆောင်ကပဲ မင်းသမီး Seo Min Jung တစ်ယောက် ပြင်းပြင်းထန်ထန်ဝေဖန်ခံရတဲ့ အကြောင်းအရင်းဖြစ်လာခဲ့ပါတယ်။ ဖြစ်ပုံကတော့ Jimin ဟာ ရရှိခဲ့တဲ့လက်ဆောင်အတွက် Seo Min Jung ကို ကျေးဇူးတင်ကြောင်း twitter မှာ တင်ခဲ့ပြီး Seo Min Jung ကိုယ်တိုင်ကလဲ သူ့ရဲ့စေတနာကို ဒီခိုတုန့်ပြန်တဲ့အတွက် ကျေးဇူးတင်ကြောင်းပြန်တင်ခဲ့ရာမှာ ပရိတ်သတ်တွေက ဒီဦးထုပ်လေးတွေအကြောင်း စိတ်ဝင်တစားနဲ့ ရှာဖွေခဲ့ရာက စတာပါ။
ပရိတ်သတ်တွေ သိခဲ့ရတဲ့အမှန်တရားကတော့ Seo Min Jung ဟာ ဒီဦးထုပ်တွေကို ကိုယ်တိုင်လုပ်ခဲ့တယ်လို့ ဆိုခဲ့ပေမယ့် တကယ်တမ်းမှာ အဲ့ဒီဦးထုပ်တွေဟာ Seo Min Jung ရဲ့အမေရိကန်သူငယ်ချင်းတစ်ဦး ထုတ်လုပ်တဲ့ ဦးထုပ်တွေဖြစ်ပါတယ်တဲ့။ အဲ့ဒီဦးထုပ်တွေ ထုတ်လုပ်တဲ့သူဌေးကိုယ်တိုင်ကလဲ BTS တောင် သူတို့ရဲ့ဦးထုပ်တွေကို နှစ်သက်ကြောင်း လူမှုကွန်ယက်တွေမှာ ကြော်ငြာထားပါသေးတယ်။
ဒီအဖြစ်မှန်ကိုသိပြီးနောက်မှာတော့ ARMY တွေဟာ ဦးထုပ်ကိုကိုယ်တိုင်လုပ်ခဲ့ပါတယ်ဆိုတဲ့ Seo Min Jung ရဲ့ လိမ်လည်မှုကို ဒေါသထွက်နေကြသလို BTS ကို အသုံးချပြီး သူငယ်ချင်းရဲ့စီးပွားရေးကို ကြော်ငြာပေးတယ်လို့လဲ ပြောဆိုနေကြပါတယ်။
Source : Koreaboo
Written : Dar Dar