Categories: Celebrity News

ချိုမြိန်တဲ့ Eye Smile လေးတွေကြောင့် နာမည်ကြီးတဲ့ K သရုပ်ဆောင်များ (အပိုင်း ၂)

တောင်ကိုရီးယားရဲ့ အလှအပစံနှုန်းတွေအရတော့ ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကိုမှ လှတယ်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ရယ်လိုက်တာနဲ့ မျက်လုံးလေးမှေးသွားပြီး လခြမ်းကွေးလေးတွေလို ဖြစ်သွားတဲ့ မျက်ဝန်းပိုင်ရှင်လေးတွေရဲ့ ဆွဲဆောင်မှုကိုလဲ ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ ကြည့်လိုက်တာနဲ့ ရင်အေးသွားစေနိုင်တဲ့ eye smile ပိုင်ရှင် K သရုပ်ဆောင်တွေထဲကမှ အပိုင်း (၂) အဖြစ် အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

Kim Soo Hyun

အေးချမ်းတဲ့မျက်နှာလေးနဲ့ မိန်းကလေးတွေရဲ့အသဲနှလုံးကို အပိုင်သိမ်းထားနိုင်တဲ့ မင်းသားချော Kim Soo Hyun ရဲ့ eye smile ကလဲ အရမ်းကိုနာမည်ကြီးပါတယ်။ သူရဲ့အေးချမ်းတဲ့ အပြုံးလေးကိုမြင်လိုက်ရရင်ပဲ ပရိတ်သတ်တွေမှာ အမောတွေတောင် ပြေသွားရသလိုပါပဲနော်။

Song Joong Ki
ရဲရင့်တဲ့အသွင်နဲ့ သရုပ်ဆောင်တာများပေမယ့် အရွယ်နဲ့မလိုက်အောင် ကလေးဆန်တဲ့ ချစ်စရာမျက်နှာလေးရှိသလို ပြုံးလိုက်တဲ့အခါမှာလဲ အပြစ်ကင်းစင်တဲ့ပုံစံမျိုးရှိပါတယ်။ ဒီလိုအပြုံးလေးကြောင့်ပဲ အခုချိန်ထိ အသက်မကြီးလာသလို အရွယ်တင်နုပျိုနေတာလားလို့ ထင်မိပါတယ်။

Kang Ha Neul
ပြုံးတဲ့အခါ နှုတ်ခမ်းလေးတွန့်ကွေးရုံ မဟုတ်ပဲ ဟန်ဆောင်မှုကင်းစွာ အားပါးတရပြုံးတတ်တဲ့ အပြုံးကတော့ Kang Ha Neul ရဲ့ကိုယ်ပိုင်သင်္ကေတပါပဲ။ သွားလှလှလေးတွေသာမက လခြမ်းကွေးလိုဖြစ်သွားတဲ့ မျက်လုံးလေးတွေကလဲ အပြုံးရဲ့အသက်ပါ။

Yoo Seung Ho
ကလေးသရုပ်ဆောင်ဘဝကနေ အခုလို ထိပ်တန်းမင်းသားဖြစ်လာတဲ့အထိ နွေးထွေးတဲ့အငွေ့အသက်လေးတွေ ပျော်ဝင်နေတဲ့ Yoo Seung Ho ရဲ့ အပြုံးချိုချိုလေးတွေကတော့ ပြောင်းလဲသွားခြင်းမရှိပါဘူး။ ရီဝေဝေမျက်လုံးလေးတွေ ပြုံးလိုက်တိုင်း မှေးသွားပုံက စိတ်ကြည်နူးစရာပါ။

Yoon Shi Yoon
နာမည်ပျက်ကောလဟာလ လုံးဝမရှိပဲ ကိုရီးယားလူမျိုးတွေရဲ့ အချစ်တော် Yoon Shi Yoon ကလဲ သူ့ရဲ့ဂုဏ်သတင်းနဲ့ လိုက်ဖက်တဲ့ အေးချမ်းတည်ငြိမ်တဲ့အပြုံးလေးရှိပါတယ်။ မျက်လုံးလေးတွေကတော့ ရယ်လိုက်ရင် အပြစ်ကင်းတဲ့ပုံစံနဲ့ မှေးသွားတတ်ပါတယ်။

Woo Do Hwan
The King : Eternal Monarch မှာ Woo Do Hwan ရဲ့ အပြုံးလေးကိုကြည့်ပြီး မကြွေခဲ့ရသူတော့ ရှိမယ်မထင်ပါဘူး။ ခပ်တည်တည်နေရင်လဲ ဟန်ပန်အပြည့်နဲ့ ကြည့်ကောင်းသလို မျက်လုံးလေးတွေမှေးစင်းသွားအောင် ရယ်လိုက်ရင်လဲ အသည်းယားရလောက်အောင်ကို ချစ်စရာကောင်းလွန်းပါတယ်။

ဒါကတော့ ရင်ကိုအေးမြစေတဲ့ eye smile လေးတွေနဲ့ ပရိတ်သတ်ကိုဖမ်းစားထားတဲ့ K သရုပ်ဆောင်များ အပိုင်း (၂) ဖြစ်ပါတယ်။ အပိုင်း (၁) ကို မဖတ်ရှုရသေးဘူးဆိုရင်တော့ Myanmar Cele Bar page မှာ ဖတ်ရှုနိုင်ပါတယ်နော်။

Source : Soompi
Written : Dar Dar

Share