Lay Zhang ကိုယ်တိုင်လိုက်နာကျင့်သုံးနေတဲ့ အောင်မြင်ကြီးပွားရေးလမ်းညွှန်ချက်များ

အဆိုအကမှာ ဆရာကျနေတဲ့ Lay Zhang ကတော့ ပရိသတ်တွေစံယူရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် Lay ရဲ့ နူးညံ့တဲ့အပြုအမူတွေအပါအဝင် ပြောလိုက်တဲ့စကားလေးတွေကမှအစ အတုယူဖို့ကောင်းလှပါတယ်။ Interview တစ်ခုမှာဆိုရင် ဟိုဟိုဒီဒီအကြောင်းအရာအများကြီးဆွေးနွေးနေရင်းက မနားမနေ အကလေ့ကျင့်ရင်းခြေထောက်မှာ ထိခိုက်ဒဏ်ရာရတဲ့အကြောင်းကို Lay အား မေးမြန်းခဲ့ကြပါတယ်။

အလုပ်ကြိုးစားလွန်းတဲ့ Lay ကတော့ “ကျွန်တော့်အတွက်ကတော့ လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် အဓိကထားပြီးလုပ်သင့်တဲ့ အရာ ၃ခုပဲရှိပါတယ်။ ဘယ်အရာကိုလုပ်ရင် အောင်မြင်မလဲဆိုတာကို ကောင်းကောင်းသိမယ်…အလုပ်ကြိုးစားမယ်…ကောင်းမွန်မြင့်မြတ်တဲ့အလုပ်ကိုပဲ ရွေးချယ်လုပ်ရမယ်…ဒီ ၃ ချက်ပေါ့။

ဒီ ၃ခုထဲမှာမှ ကျွန်တော့်ရဲ့ဦးစားပေးကတော့ အောင်မြင်ချင်ရင် အလုပ်ကြိုးစားရမယ် ဆိုတဲ့ ခံယူချက်ပါပဲ။ ဒါပေမဲ့ တစ်ချို့ကတော့ ကျွန်တော် ဒီလိုမျိုး အလုပ်ကြိုးစားတာကိုပဲ အပိုတွေလုပ်တယ်ဆိုပြီး ဟားတိုက်နေကြတဲ့သူတွေရှိတယ်…ကျွန်တော် အတည်ပြောမယ်နော်… အောင်မြင်ချင်ရင် မဖြစ်မနေကိုအလုပ်ကြိုးစားရမယ်။

အလုပ်ကြိုးစားတဲ့သူတွေကို ရယ်စရာလို့မြင်နေတာတော့ အလုပ်မဟုတ်ဘူး။ ပြောရရင် မင်းတို့ ငါ့ကို ဟာသလို့မြင်ပြီး ဟားတိုက်ချင်ရင် ရတယ်..OK တယ်..ဒါပေမဲ့ အလုပ်ကြိုးစားမှုကိုတော့ ရယ်စရာလို့မသတ်မှတ်မိပါစေနဲ့။ ကိုယ်လုပ်နေတဲ့အလုပ်ကို အားကြိုးမာန်တက်လုပ်ကိုင်နေတဲ့သူတိုင်းကို လေးစားမှုရှိပါ” ဆိုပြီး အောင်မြင်မှုသော့ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

အချိန်ဇယားအပြည့်နဲ့ မနားမနေအလုပ်ကြိုးစားတတ်တဲ့ Lay ဟာ ပရိသတ်တွေ သတင်းသမားတွေရဲ့ အာရုံစိုက်ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ချစ်ခင်အားပေးသူတွေရဲ့ စံပြအဖြစ် သတ်မှတ်ခံထားရသလိုပဲ တစ်ဖက်မှာလည်း မလိုသူတို့ရဲ့ ဝေဖန်မှုတွေကလည်းရှိနေပြန်ပါတယ်။

လေဆိပ်မှာ laptop တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့အတွက်ကြောင့် ဝေဖန်ခံရတာနဲ့ပတ်သက်ပြီး သတင်းသမားတွေက Lay ကိုမေးမြန်းတဲ့အခါ “ဘယ်သူကတော့ လေဆိပ်မှာ အလုပ်လုပ်ချင်မှာလဲ? Audio mixing လိုနေတဲ့သီချင်းတစ်ပုဒ် အရေးတကြီးလိုနေလို့ ကျွန်တော်က လေဆိပ်သွားရင် အပြီးလုပ်ပေးလိုက်တာပါ။

အသံပိုင်းတာဝန်ခံတွေကို မြန်မြန်ပို့ပေးရမှာမို့လို့ သူတို့ကိုမစောင့်စေချင်တာနဲ့ပဲ အဲ့လိုမျိုးလုပ်ဖြစ်သွားတာ..ဒီလိုကိစ္စတွေမလုပ်ဖူးတဲ့သူတွေကတော့ လုပ်ငန်းအဆင့်ဆင့်ကို နားလည်မှာမဟုတ်ဘူးလေ။ သူတို့မြင်တာက ကျွန်တော်က အပိုတွေလုပ်ပြနေတယ်ပေါ့..ဒီလိုပြောလည်း ကိစ္စတော့မရှိပါဘူး..လူတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူးလေ။

သေချာတာကတော့ ကျွန်တော်ကလည်း လေဆိပ်မှာ Laptop တစ်လုံးနဲ့ ဗျာများမနေချင်ပါဘူး။ အဲ့တုန်းက လုပ်ဖြစ်သွားတာကတော့ ကျွန်တော့်မှာ အချိန်ပို လုံးဝမရှိတော့တာရယ်…အဖွဲ့ကိုလည်း အကြာကြီးစောင့်မနေစေချင်တာကြောင့်ရယ်ပါ..အဲ့လောက်ပါပဲ” လို့ ပြန်ဖြေပေးခဲ့ပါတယ်။

Lay ဟာ ဘာလုပ်လုပ် အစွမ်းကုန်ကြိုးစားပြီးလုပ်တတ်တာကတော့ အားလုံးရဲ့မျက်မြင်ပါပဲ။ အလုပ်ကြိုးစားနေတဲ့သူတွေအတွက် အောင်မြင်မှုကို လက်ဝယ်ပိုင်ဆိုင်နိုင်ကြောင်း Lay ကတော့ သက်သေပြနေတော့ပါတော့တယ်။ ခိုင်မာတဲ့သံဓိဋ္ဌာန်တွေနဲ့ အနာဂတ်ခရီးကိုလျှောက်လှမ်းနေတဲ့ Lay အတွက်ကတော့ အနာဂတ်ခရီးက တလက်လက်နဲ့ဖြောင့်ဖြူးနေဦးတော့မှာပါ။

Source: 38jiejie
Photos: Weibo
Written: Nay Chi

Share