အပြောကြွယ်တဲ့ Xiao Zhan ဟာ သူ့ Fan လေးတွေရဲ့အနာဂတ်ကို ဘယ်လိုမျိုးမျှော်လင့်ထားလဲဆိုတော့…

Xiao Zhan ရဲ့ ဇာတ်လမ်းတွဲတွေကြည့်ပြီးရင်တော့ သူနဲ့ပတ်သက်သမျှအရာအားလုံးကို ရင်ထဲအသည်းထဲကအထိ ချစ်မြတ်နိုးတဲ့စိတ်တွေ အမြစ်တွယ်နေကြမယ်လို့ထင်ပါတယ်။ Zhan Ge ဟာ မြင့်မြတ်တဲ့စိတ်ထားရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်ပြီး အလုပ်နဲ့ပတ်သက်လာရင် ကြိုးစားတတ်သူဖြစ်ပါတယ်။

ဒီလိုပဲ သူ့ရဲ့ပရိသတ်တွေအပေါ်မှာလည်း တအားကိုနွေးထွေးတတ်သူဖြစ်ပြီး အားပေးသူတွေကို စကားလုံးလေးတွေနဲ့ ချုပ်နိုင်သူလည်းဖြစ်ပါတော့တယ်။ Zhan Ge ကိုတော့ အစီအစဥ်တစ်ခုမှာ “အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုအားပေးတဲ့သူလေးတွေကို အနာဂတ်မှာ ဘယ်လိုပုံစံမျိုးဖြစ်လာစေချင်သလဲ” ဆိုပြီး အမေးခံလိုက်ရပါတယ်။

ဒီအခါမှာတော့ အပြောအဆိုလိမ္မာကျွမ်းကျင်တဲ့ GeGe က “ကျွန်​တော်ဟာ သာမာန်ကောင်လေးဘဝကနေ အခုဆိုရင် လူအများအာရုံစိုက်ခံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ သာမာန်လူတစ်ယောက် ဘဝဖြတ်သန်းပုံကို ကောင်းကောင်းကြီးနားလည်ပါတယ်။

ဒီတော့ ကျွန်တော့်ကိုအားပေးတဲ့သူလေးတွေကိုပြောချင်တာကတော့ ကိုယ့်ဘဝကို ကောင်းကောင်းနေပြီး အကောင်းဆုံးဖြတ်သန်းကြပါ။ အရာရာအဆင်ပြေလာခါမှ အချိန်တွေရလာပြီး ကိုယ်ကြိုက်တဲ့အနုပညာရှင်တွေကို စိတ်ကြိုက်အားပေးနိုင်သလို သူတို့နောက်က ကိုယ့်သဘောကျ တကောက်ကောက်လိုက်နိုင်မယ်မလား” ဆိုပြီး တွေးတွေးဆဆနဲ့ ပြန်ဖြေခဲ့ပါတော့တယ်။

ဆက်လက်ပြီး Xiao Zhan က “ကျွန်တော့်ကို အချိန်အကြာကြီးအားပေးနေခဲ့တဲ့သူတစ်​ယောက်ရှိတယ်။ သူ့ဆီက စာလေးတွေလည်းရတယ်။ ကျွန်တော်ကလည်း သူပို့တဲ့စာတွေကို ဖတ်ဖြစ်တယ်။ တစ်နေ့မှာ သူပို့ခဲ့တဲ့စာကြောင့်ပဲ ကျွန်တော့်ရင်ထဲထိသွားပြီး တော်တော်ပျော်ခဲ့ရသေးတယ်။

သူက သူ့ကိုတကယ်ချစ်တဲ့သူနဲ့တွေ့ဆုံလက်ထပ်ပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ထားတယ်တဲ့လေ။ ကျွန်တော် အဲ့အကြောင်းကိုသိတော့ တကယ်ကိုပျော်ပြီး ကျေနပ်သွားမိတယ်။ ဒါကတကယ်ကို မိုက်တယ်။ အချစ်ကြောင့်ပျော်ရွှင်ရတယ်ဆိုတာဟာ ဦးနှောက်ကမဟုတ်ဘဲ နှလုံးသားက မြစ်ဖျားခံပြီး ဖြစ်ပေါ်လာတာလေ။

ဒါမျိုးကို ကျွန်တော် သိပ်ကိုသဘောကျပါတယ်။ လူတစ်ယောက်နဲ့တစ်​ယောက် သဘောကျတယ်..ချစ်တယ်ဆိုတာဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ခံစားချက်ဖြစ်နေသင့်တယ်။ ကိုယ့်ကိုမြတ်နိုးရင် ကိုယ်ကလည်း ပြန်ပြီး တန်ဖိုးထားပေးရပါမယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ပရိသတ်လေးတွေကို ကောင်းမွန်ပျော်ရွှင်တဲ့ဘဝတွေကိုပဲ ပိုင်ဆိုင်စေချင်တယ်။

ကျွန်တော်ကလည်း အကောင်းဆုံးကြိုးစားမယ်။ သူတို့လည်း ဘဝအတွက်အကောင်းဆုံးဖန်တီးတည်ဆောက်နေမယ်ဆိုရင် ကျွန်တော်တို့တွေဟာ နေ့ရက်တိုင်းကို အတူတူဖြတ်သန်းနေတာပေါ့။ ကျွန်တော်တို့အတူတူ အကောင်းဆုံးတွေဖြစ်လာနိုင်တယ်လေ..ဟုတ်တယ်မလား” ဆိုပြီး အပြောချိုချို စကားလုံးလှလှလေးတွေနဲ့ ပရိသတ်အားလုံးကို အားမာန်သစ်တွေပေးလိုက်ပြန်ပါတော့တယ်။

Xiao Zhan ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားပြနေပြီး တစ်ယောက်ချင်စီရဲ့ဘဝတိုင်းကိုလည်း အလေးထားဂရုစိုက်သူလည်းဖြစ်ပါတယ်။ XFX လေးတို့လည်း Zhan Ge ရဲ့စကားလေးကိုနားထောင်ရင်း GeGe နဲ့အတူ နေ့ရက်တိုင်းကို ပုံဖော်တည်ဆောက်ကြရအောင်နော်။

Source: 38jiejie
Photos: Twitter
Written: Nay Chi

Share