PRADA နဲ့ Lola Rose Brand များနဲ့ Zheng Shuang တို့ လက်တွဲဖြုတ်လိုက်ရတဲ့ အကြောင်းအရင်း အခြေအနေအမှန်

နာမည်ကျော် Brand တံဆိပ်တွေဖြစ်တဲ့ Prada နဲ့ Lola Rose Watch တို့ဟာ Zheng Shuang နဲ့လက်တွဲလုပ်ကိုင်နေတဲ့အလုပ်တွေကိုရပ်ဆိုင်းလိုက်ပြီဆိုတဲ့အကြောင်းကိုတရားဝင်ကြေညာခဲ့ပါတယ်။ မထင်မှတ်ပဲဖြစ်ပေါ်လာခဲ့ရတဲ့ Zheng Shuang ရဲ ပြဿနာတွေရဲ့ရိုက်ခတ်မှုကြောင့် ရှယ်ယာဈေးတွေကျဆင်းသွားခဲ့တဲ့အချိန်မှာ အခုလိုကြေညာခဲ့တာပဲဖြစ်ပါတယ်။

ဒီနှစ်ကတော့ Zheng Shuang တစ်ယောက်ကံကြမ္မာရဲ့အကျပ်အတည်းကြားကိုရောက်နေသလားလို့တောင်ထင်ရပါတယ်။ မကြာသေးမီကပဲစကားလေးတစ်ခွန်းကိုသတိမမူပဲပြောခဲ့မိလို့ဝေဖန်ခံခဲ့ရတယ်။ အခုလည်းပိုကြီးပြဿနာနဲ့ဝေဖန်ခံနေရပြန်ပါတယ်။ ဒီပြဿနာရဲ့အရင်းခံကတော့ Zhang Shuang ဟာ အငှားကိုယ်ဝန်ဆောင်ခိုင်းခဲ့တာလားဆိုတဲ့အကြောင်းကနေစတင်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်က Zheng Shuang ရဲ့မန်နေဂျာဖြစ်ခဲ့ဖူးတဲ့ သူမရဲ့ရည်းစားဟောင်း Zhang Heng တင်လိုက်တဲ့ Post ကနေပြဿနာတွေတောက်လျှောက်ဟာတောမီးလိုလောင်ကျွမ်းလာခဲ့တာဖြစ်ပါတယ်။ Zhang Heng ပြောထားတာက တစ်ချိန်ကသူ့ကိုမကောင်း ပြောခံရမှုတွေကြောင့် အချိန်တစ်ခုအထိသူပျောက်နေရတဲ့အကြောင်းကိုပြောဆိုထားခဲ့ပါတယ်။

ဒီကိစ္စကသူ့မိသားစုကိုပါအကျိုးသက်ရောက်လာခဲ့တဲ့အတွက်ဖြေရှင်းရတာဖြစ်တဲ့အကြောင်းကိုလည်းပြောလာခဲ့ပါတယ်။ သူ့အနေနဲ့ငွေတွေလိမ်လည်ယူပြီးထွက်ပြေးသွားခဲ့တယ်ဆိုတာမဟုတ်ပါဘူးလို့ဆိုပါတယ်။ သူနဲ့သူ့မိသားစုဟာ ငယ်ရွယ်ပြီးအပြစ်မဲ့တဲ့ ဘဝလေးနှစ်ခုကိုပြုစုစောင့်ရှောက်ဖို့ အမေရိကန်ကိုထွက်သွားခဲ့ရတယ်လို့ဆိုလာပါတယ်။ ကိစ္စတွေကို တရားသောနည်းလမ်းနဲ့ရင်ဆိုင်မယ်လို့လည်းပြောခဲ့ပါတယ်။

အဲ့ဒီနောက်မှာ Zhang Heng ပြောတဲ့ဘဝနှစ်ခုဆိုတာ Zheng Shuang နဲ့ရတဲ့ ရင်သွေးလေးနှစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်အလက်တွေကိုထုတ်ဖော်ခဲ့ပါတယ်။ ရင်သွေးလေးတွေရဲ့မွေးစာရင်းမှာလည်း ဖခင်နေရာမှာ Zhang Heng အမည်ပါရှိပြီး မိခင်နေရာမှာ Zheng Shuang အမည်ပါရှိတယ်လို့သိရပါတယ်။

ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ယောက်ျားလေးကိုမွေးတဲ့နေ့က 2019 ဒီဇင်ဘာ(19) ရက်နေ့နဲ့ မိန်းကလေးကိုမွေးတဲ့နေ့က 2020 ဇန်နဝါရီ(4)ရက်နေ့တို့ပဲဖြစ်ပါတယ်။  အမျိုးသမီးတစ်ယောက်ဟာ ရင်သွေးလေးနှစ်ယောက်ကို တစ်လပဲခြားပြီးမွေးဖို့ဆိုတာမဖြစ်နိုင်တာကြောင့် အငှားကိုယ်ဝန်ဆောင်နဲ့ မွေးတယ်ဆိုပြီးယူဆခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ အငှားကိုယ်ဝန်ဆောင်ခြင်းကိုပြင်းထန်စွာရှုံ့ချပါတယ်။ လူနှစ်ယောက်ရဲ့အသက်ကိုလျစ်လျူရှုတဲ့ကိစ္စဖြစ်တာကြောင့် လူသားမဆန်ဘူးလို့လည်းယူဆထားကြပါတယ်။ ဒီထင်မြင်ချက်ကြောင့်ပဲ Zheng Shuang ကိုပိုပြီးမကောင်းမြင်ခဲ့ကြတယ်လို့လည်းဆိုလို့ရပါတယ်။

သို့ပေမယ့် တစ်ဖက်မှာလည်း အမွှာမွေးပြီးမှတစ်ယောက်ကမွေးစာရင်းသွင်းဖို့နောက်ကျခဲ့တယ်လို့လည်းပြောနေကြသလို အဲ့ဒီအခြေအနေသာဆိုရင်လည်း နာမည်ကြီးမင်းသမီးတစ်ယောက်ကိုယ်ဝန်လွယ်ရတဲ့သတင်းကိုမသိခဲ့စရာအကြောင်းမရှိဘူးလို့လည်းပြောနေကြပါတယ်။ ကာယကံရှင်များကိုယ်တိုင်သာသေချာသိမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဆုံးဖြတ်ဖို့ခက်ခဲလွန်းလှပါတယ်။

အဲ့ဒါတွေပြီးတဲ့နောက်မှာ Zhang Heng နဲ့အနီးကပ်နေခဲ့တဲ့မိတ်ဆွေလို့သတ်မှတ်လို့ရတဲ့လူတစ်ဦးဆီက အသံဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အဲ့ဒီအသံဖိုင်ထဲမှာ Zheng Shuang ရဲ့မိဘတွေက ရင်သွေးလေးတွေကိုအလိုမရှိတဲ့အကြောင်းပြောထားတယ်လို့သိရပါတယ်။

ကိုယ်ဝန်က (၇) လရှိနေပြီဖြစ်တဲ့အတွက် တားဆီးလို့မရတဲ့အကြောင်းပြောနေတဲ့ Zheng Shuang ရဲ့အသံလည်းပါတယ်လို့ဆိုပါတယ်။ တားဆီးလို့မရတော့ရင် တောင်မွေးဖို့မဖြစ်နိုင်တဲ့အတွက် ကလေးတွေကိုစွန့်ပစ်ဖို့ပြောခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲလူအများရဲ့ အမျက်ဒေါသတွေကပိုမိုကြီးထွားခဲ့ရတာဖြစ်ပါတယ်။

Zheng Shuang ကိုယ်တိုင်တင်ပြီးဖြေရှင်းတဲ့ Post တစ်ခုသာတက်လာခဲ့ပြီး သူမဟာ လူ့ကျင့်ဝတ်ဖောက်မယ့်သူမဟုတ်ကြောင်းပြောကြားထားခဲ့ပေမယ့် ကလေးကိစ္စကိုရှင်းလင်းတဲ့ပြောကြားမှုတွေမပါဝင်ခဲ့တာကြောင့်အများပြည်သူကဆက်လက်ဝေဖန်ခဲ့ကြပါတယ်။

ကိစ္စတွေဆက်လက်ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ Zheng Shuang ရဲ့ဖခင်ဖြစ်သူကထပ်မံဖြေရှင်းခဲ့ပါတယ်။ Zheng Shuang ရဲ့ဖခင်ဖြစ်သူပြောပြချက်အရ သူမဟာ Zhang Heng ရဲ့သစ္စာမဲ့တဲ့ဒဏ်တွေကိုခံခဲ့ရပြီး ငွေလိမ်တာလည်းခံခဲ့ရတယ်လို့ဆိုလာပါတယ်။

သန်းပေါင်းဆယ်ချီလိမ်ခဲ့ပြီး Zheng Shuang ကိုအမျိုးမျိုးသောခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းပြောခဲ့ပါတယ်။ ကိစ္စတွေအားလုံးကိုရည်ရွယ်ချက်ရှိရှိဖန်တီးပြီးသူ့သမီးရဲ့ဘဝကိုနှောင့်ယှက်တာဖြစ်တယ်လို့လည်းပြောခဲ့ပါသေးတယ်။ ကလေးနှစ်ယောက်ကိုတာဝန်မယူချင်ခဲ့တာမဟုတ်ဘူးလို့လည်းဖြေရှင်းခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက်ကတော့အချေအတင်ဖြစ်နေကြပြီးဘယ်သူကအမှန်၊ ဘယ်သူကအမှား၊ ဘယ်သူ့မှာအပြစ်ရှိတယ်ဆိုတာကိုတော့ဆုံးဖြတ်ရခက်ခဲလွန်းလှပါတယ်။ အမှန်တရားကသာ စကားပြောသွားမှာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ဘယ်လိုအကြောင်းအရာတွေဖြစ်လာဦးမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Zheng Shuang ရဲ့ Fan Page တချို့က Page တွေကိုပါဖျက်သိမ်းသွားကြတာမျိုးတွေရှိသလို Page ကိုမဖျက်သိမ်းပေမယ့်လည်း Zheng Shuang ရဲ့ Fan တွေမဟုတ်တော့ဘူးဆိုပြီးတရားဝင်ကြေညာမှုတွေကိုပြုလုပ်တာမျိုးလည်းရှိနေပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် Zheng Shuang တစ်ယောက်အရာအားလုံးကိုဖြေရှင်းနိုင်ပြီး အပြစ်မဲ့တဲ့ ရင်သွေးလေးနှစ်ယောက်ရဲ့ဘဝလေးလည်းသာယာပါစေလို့ပဲအားလုံးကဆုတောင်းနေကြရမှာဖြစ်ပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share