ဖန်သားပြင်ပေါ်မှာနောက်ထပ်တွေ့ရတော့မှာမဟုတ်ဘူးလို့ပြောလာတဲ့ Zheng Shuang

မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပျက်သွားခဲ့တဲ့ Zheng Shuang ရဲ့ကိစ္စတွေက တကယ့်ကိုမယုံကြည်နိုင်စရာကိစ္စတွေပါပဲ။ အငှားကိုယ်ဝန်ဆောင်းခိုင်းခဲ့တဲ့ကိစ္စကအကြီးမားဆုံးလို့ဆိုလို့ရပါတယ်။ Zhang Heng ကိုစွပ်စွဲကြတဲ့ ငွေလိမ်လည်တယ်၊ ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စတွေကိုတောင်ဖုံးလွှမ်းသွားနိုင်လောက်တဲ့ထိ တရုတ်နိုင်ငံရဲ့အသိုင်းအဝိုင်းတစ်ခုလုံးကရှုတ်ချထားတဲ့ ကိစ္စရပ်တစ်ခုဖြစ်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတရားမဝင်တာကြောင့် အမေရိကန်ထိသွားပြီးအငှားကိုယ်ဝန်နဲ့ကလေးမွေးခဲ့တယ်ဆိုတဲ့ကိစ္စက တိုက်ခိုက်ခံရမှုကိုပြင်းထန်စေခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသားရေဒီယိုနဲ့ရုပ်မြင်သံကြားဌာနကလည်း Zheng Shuang ကို နာမည်ပျက်အနုပညာရှင်စာရင်းထဲကိုထည့်သွင်းလိုက်တယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာ Zheng Shuang ပါဝင်ခဲ့သမျှအလုပ်တွေကို အွန်လိုင်းအပါအဝင် အားလုံးဖျက်ပစ်ရမယ်လို့ ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါသတင်းကြောင့်လည်း သူမအရင်ကအလုပ်တွဲလုပ်ခဲ့ဖူးတဲ့အနုပညာရှင်တွေရဲ့ Fan များထံမှ ပြစ်တင်မှုတွေကတက်လာခဲ့ပြန်ပါတယ်။

အကျိုးဆက်တွေအနေနဲ့ LOVE 020, River Flowers to You, Swords of Legends, Jade Lover, Wu Kong စတဲ့ နာမည်ကြီးဇာတ်လမ်းတွေအားလုံးဖျက်ချခံရနိုင်တာဖြစ်ပြီး တွဲဖက်သရုပ်ဆောင်တွေမှာလည်း နစ်နာမှုတွေရှိလာနိုင်တဲ့အတွက်ဖြစ်ပါတယ်။

အဲ့ဒါတွေအပြင် ကိစ္စတွေကိုပိုမိုရှုပ်ထွေးသွားစေတဲ့အသံဖိုင်ကလည်း ထပ်မံထွက်လာခဲ့ပါသေးတယ်။ အဲ့ဒီအသံဖိုင်ထဲမှာ Zheng Shuang နဲ့သူမရဲ့မိခင်က သူ့ကလေးတွေကို ကလေးလိုချင်နေတဲ့မိသားစုတွေဆီပေးလိုက်ဖို့ပြောတဲ့အကြောင်းတွေပါဝင်ခဲ့ပါတယ်။

ပိုဆိုးသွားစေတာက Zheng Shuang ပြောတဲ့ “အချိန်မရွေးကလေးထပ်ယူလို့ရသေးတယ်၊ မျိုးဥတွေမကုန်သေးဘူး၊ သိမ်းထားတယ်” ဆိုတဲ့စကားပဲဖြစ်ပါတယ်။ အသက်တွေကိုအခြေခံရတဲ့ကိစ္စတစ်ခုကိုကျူးလွန်ရုံသာမက စိတ်လိုက်မာန်ပါပြောဆိုမှုတွေကလည်း ကိစ္စကိုပိုမိုကြီးထွားစေသလိုဖြစ်ခဲ့ပါတယ်။

မနေ့က Beijing TV မှာပြုလုပ်တဲ့ရိုက်ကူးရေးတစ်ခုမှာလည်း မီဒီယာတွေရဲ့မေးမြန်းမှုကိုဘာတစ်ခုမှဖြေကြားသွားတာမျိုးမရှိခဲ့ပါဘူး။ အနုပညာလောကကနေ နှုတ်ထွက်တဲ့အကြောင်းကိုပါ တစ်ခါတည်းရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ “ဒီဟာက အားလုံးနဲ့ဖန်သားပြင်ပေါ်မှာနောက်ဆုံးတွေ့ခြင်းပဲ” လို့ပြောပြီးပြန်သွားတယ်လို့သိရပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share