အရှိန်အဟုန်ပြင်းပြင်း အောင်မြင်လာမှုနဲ့ပတ်သက်ပြီး Xiao Zhan ရဲ့ အရိုးသားဆုံးခံယူချက်

Xiao Zhan ရဲ့ အောင်မြင်မှုအကြောင်းကိုပြောရရင် ပြောလို့မကုန်နိုင်မဲ့ တစ်ထောင့်တစ်ညခမ်းနားမှုကြီးပါပဲ။ လူကြီး၊လူငယ် ကျား၊မ မရွေး အားပေးချစ်ခင်ကြတဲ့ Zhan Ge ကတော့ သူ့ရဲ့အတောမသတ်နိုင်တဲ့အောင်မြင်မှုပေါင်းများစွာနဲ့ ပတ်သက်ပြီး အရိုးသားဆုံးခံယူချက်ကို အစီအစဥ်တစ်ခုမှာ အသေးစိတ်ပြောပြခဲ့ဖူးပါတယ်။

“The Untamed” ဇာတ်လမ်းတွဲထဲမှာ ဝေ့ဝူရှန့်ဇာတ်ကောင်ကို အပြောင်မြောက်ဆုံးပုံဖော်နိုင်ခဲ့တာကြောင့် အားလုံးရဲ့ကြားမှာ ရေပန်းစားလာခဲ့ပြီး Xiao Zhan ဟာ ဒီလိုရေပန်းစားလာတာကိုပဲ ကြောက်တယ်လို့ ဆိုပါတယ်။ “၂၀၁၇ လောက်တုန်းက ကျွန်တော့်ကိုသိတဲ့လူအရေအတွက်ဟာ လက်ချိုးရေတွက်လို့တောင် ရပါတယ်။

လူတွေက ကျွန်တော့်ကို သိပ်မသိကြပါဘူး။ “The Untamed” ဇာတ်လမ်းတွဲရိုက်ကူးပြီးတဲ့နောက်မှာတော့ ကျွန်တော့်က တော်တော်နာမည်ကြီးသွားခဲ့ပါတယ်။ အမှန်တိုင်းပြောရရင် နာမည်ကြီးတယ်ဆိုတဲ့ခေါင်းစဥ်ကို ကျွန်တော် ကြောက်ပါတယ်။ အိပ်မက်လို့တောင်ထင်ရပါတယ်။

ကျွန်တော့်အနေနဲ့ ဟိုးအောက်ခြေကနေ တက်လာရတာဖြစ်လို့ အနိမ့်ဆုံးမှာနေရတဲ့ခံစားချက်ကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော့်အနေနဲ့ အနိမ့်ဆုံးအဆင့်ကို ပြန်ရောက်သွားမှာ မကြောက်ပါဘူး။

တကယ်တမ်းလန့်မိတာက ကျွန်တော့်ရဲ့နာမည်ကြီးလာမှုတွေ၊ လူပြောများလာမှုတွေကိုပဲ ပရိသတ်တွေအာရုံစိုက်လာမှာ စိုးရိမ်မိတာပါ။ ကျွန်တော့်ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်လာရင် မကြွားဝင့်ပဲ ခေါင်းရှင်းရှင်းထားပြီး နှိမ့်ချဖို့ပဲ အာရုံစိုက်နေမိပါတယ်” ဆိုပြီး အရိုးသားဆုံးဖွင့်ဟခဲ့ပါတော့တယ်။

Xiao Zhan ရဲ့အောင်မြင်ကျော်ကြားမှုဟာ ယခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက အားပေးသူတွေနဲ့ အတိုင်းအဆမရှိလောက်အောင်ပါပဲ။ လူသိများနာမည်ကြီးလာတာတောင် Xiao Zhan ဟာ “I’m still the same Xiao Zhan” ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီး ကိုယ်စိတ်နှစ်ပါးနှိမ့်ချကာ အနုပညာခရီးကို လျှောက်လှမ်းနေပါတော့တယ်။

Source: 38jiejie
Photos: Weibo
Written: Nay Chi

Share