ပရိတ်သတ်တွေမျှော်လင့်တကြီးစောင့်ဆိုင်းခဲ့ရတဲ့ Lee Jong Suk နဲ့ Zheng Shuang တို့ရဲ့ဇာတ်လမ်းတွဲအတွက်အကျပ်အတည်းကာလ

2016 ခုနှစ်ကစတင်ရိုက်ကူးခဲ့ပြီး ကိုရီးယားမင်းသား Lee Jong Suk နဲ့အတူ တရုတ်မင်းသမီး Zheng Shuang တို့ရဲ့ ကိုရီးယား-တရုတ်ဇာတ်လမ်းတွဲ “Jade Lover” ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေကြတဲ့ ပရိတ်သတ်တွေများစွာရှိပါတယ်။ 2017 မှာတော့ နှစ်နိုင်ငံကြားပြဿနာတွေရဲ့ ရိုက်ခတ်မှုကနေ ဖြစ်ပေါ်လာတဲ့ Hallyu Ban ကြောင့် ဇာတ်လမ်းတွဲဟာ အခက်အခဲတွေများစွာရင်ဆိုင်ခဲ့ရပါသေးတယ်။

Hallyu Ban ဆိုတာကတော့ ကိုရီးယားနိုင်ငံရဲ့အနုပညာရှင်တွေကို တရုတ်နိုင်ငံမှာအလုပ်လုပ်ခွင့်ပိတ်ထားခြင်းဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံနဲ့တရုတ်နိုင်ငံကြားမှာ ယှဉ်တွဲပြီးအလုပ်လုပ်ကိုင်နေကြတဲ့ အနုပညာရှင်များစွာအတွက်လည်း တကယ်ကိုခက်ခဲခဲ့တဲ့အချိန်ကာလဖြစ်ခဲ့ပါတယ်။

“Jade Lover” ဇာတ်လမ်းတွဲကိုတော့ “Prosecutor Princess” နဲ့ “Doctor Stranger” ဇာတ်လမ်းတွဲများမှာ Lee Jung Suk နဲ့အတူလက်တွဲအလုပ်လုပ်ဖူးတဲ့ ထုတ်လုပ်သူ Jin Hyeok ကတာဝန်ယူရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်ရဲ့ခေတ်ဟောင်းပုံစံကိုရိုက်ကူးထားတာဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ် ကိုရီးယားဝမ် ၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆ သန်းနီးပါး) ကုန်ကျခဲ့တယ်လို့သိရပါတယ်။

​နောက်ပိုင်း Hallyu Ban ကိုဖျက်သိမ်းလိုက်ပြီးချိန်၊ Lee Jong Suk ရဲ့စစ်မှုထမ်းကာလလည်းပြီးဆုံးသွားတဲ့အချိန်မှာတော့ ဇာတ်လမ်းတွဲအတွက် မျှော်လင့်ချက်ရောင်ခြည်လေးသန်းခဲ့ပါသေးတယ်။ Weibo မှာလည်း Zheng Shuang က Lee Jong Suk ကို Follow ခဲ့ပြီး ပရိတ်သတ်တွေကိုအံ့အားသင့်အောင်လုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ဇာတ်လမ်းတွဲကို 2020 ဒီဇင်ဘာ (သို့မဟုတ်) 2021 နှစ်ဆန်းပိုင်းမှာထုတ်လွှင့်ပြသလိမ့်မယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီး ပရိတ်သတ်တွေကို တစ်ဖန်ပြန်နိုးကြားစေခဲ့ပါတယ်။ (၄)နှစ်ကြာစောင့်ဆိုင်းနေခဲ့ရတဲ့ ဒီဇာတ်လမ်းတွဲကိုကြည့်ရှုဖို့အချိန်နီးကပ်လာပြီလို့ထင်ခဲ့ကြပေမယ့် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ Zheng Shuang ရဲ့ပြဿနာများကြောင့် စိုးရိမ်စရာအနေအထားကိုရောက်ရှိလာခဲ့ပြန်ပါတယ်။

တရုတ်အမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြားစီမံခန့်ခွဲမှုဌာန ( NRTA) က Zheng Shuang ကိုနာမည်ပျက်အနုပညာရှင်အဖြစ်ကြေညာခဲ့ပြီးနောက် သူမနဲ့သက်ဆိုင်တဲ့အကြောင်းအရာအားလုံးကိုပယ်ဖျက်ဖို့အမိန့်ထုတ်ခဲ့တာကြောင့် ဇာတ်လမ်းကိုနောက်ထပ်အကျပ်အတည်းဖြစ်သွားစေခဲ့တာဖြစ်ပါတယ်။

“Jade Lover” ဇာတ်လမ်းတွဲကိုမကြာမီအချိန်အတွင်းမှာပြသဖို့မဖြစ်နိုင်တော့ပါဘူးလို့လည်း ကြေညာခဲ့ပါတယ်။ စွန့်လွှတ်လိုက်ရတာတွေကတကယ်ကိုကြီးမားလွန်းပြီးနစ်နာဆုံးရံှုးမှုတွေကလည်းအရမ်းကိုများပြားလွန်းလှပါတယ်။

Written: Nair Nair
Source: Youku
Photos: Youku

Share