“Legend of Fei” အတွက် နှုတ်ဆက်စကားတွေကို ရေးတင်ပေးခဲ့တဲ့ Zhao Liying နဲ့ Wang Yibo

Zhao Liying နဲ့ Wang Yibo တို့ အဓိကပါဝင်ရိုက်ကူးထားတဲ့ “Legend of Fei” ဇာတ်လမ်းတွဲကတော့ ထုတ်လွှင့်ပြသပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုကြည့်မိရင်တော့ အဓိကဇာတ်ဆောင်နှစ်​ယောက်ရဲ့ အတွဲညီမှုတွေကြောင့်ပဲ ကြည့်ရင်းနဲ့ လက်ကမချနိုင်လောက်အောင်ကိုပဲ စီးဝင်နစ်မြောခဲ့ရတာပါ။

ဇာတ်လမ်းလေးကတော့ အောင်မြင်မှုများစွာသိမ်းပိုက်ရင်း ပြီးဆုံးသွားခဲ့ပြီးဖြစ်ပေမဲ့လည်း အားလုံးကတော့ ထပ်တလဲလဲ ပြန်ကြည့်နေဆဲပါပဲ။ January 21 ရက်နေ့မှာတော့ Wang Yibo နဲ့ Zhao Liying တို့ နှစ်​ယောက်စလုံးဟာ “Legend of Fei” ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ နှုတ်ဆက်စကားလေးတွေကို Weibo မှာ စာရေးသားကာ တင်ပေးခဲ့ကြပါတယ်။

Wang Yibo လေးကတော့ ဓာတ်ပုံတစ်ပုံနဲ့အတူ ထုတ်လွှင့်ပြသပြီးဖြစ်တဲ့ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့စာသားလေးကို တင်ပေးခဲ့တာပါ။ Yibo က “ရေတွေတသွင်သွင်စီးဆင်းနေတဲ့အရပ်ဒေသမှာ လွတ်လပ်ပေါ့ပါးစွာနဲ့ နှစ်တစ်ရာတိုင် အပူအပင်မရှိဘဲနေနိုင်ဖို့ ငါဆုတောင်းပေးလိုက်ပါတယ်” ဆိုပြီး ဂါရဝပြုနေတဲ့ “Xie Yun” ရဲ့ ပုံလေးနဲ့အတူ တင်ပေးခဲ့ပါတော့တယ်။

ကြည့်ရတာတော့ Yibo ဟာ သူ့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Xie Yun ကို ဆုတောင်းပေးနေတာထင်ပါရဲ့။ ခဏအကြာမှာတော့ စီနီယာတွဲဖက်သရုပ်ဆောင် Zhao Liying က “Legend of Fei ဇာတ်လမ်းကို ဂါရဝပြုရင်း နှုတ်ဆက်ခဲ့ပါတယ်” ဆိုပြီး တရုတ်ရှေးဟောင်းနှုတ်ဆက်တဲ့ပုံစံအတိုင်း အီမိုဂျီလေးနဲ့အတူ ရေးတင်ပေးခဲ့တာပါ။

Zhao Liying ကတော့ အဓိကဇာတ်ဆောင် “Zhou Fei” အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး “Legend of Fei” ဇာတ်လမ်းကတော့ သူမအတွက် “comeback” drama လို့တောင် ဆိုနိုင်ပါတယ်။ အကြောင်းကတော့ Zhao Liying ဟာ သူမရဲ့ပထမဆုံးကလေးကို မွေးဖွားခဲ့တာကြောင့် အနုပညာလောက.ကနေ ခေတ္တ အနားယူခဲ့တာဖြစ်ပါတယ်။

“Legend of Fei” ဇာတ်လမ်းကတော့ စုစုပေါင်း အပိုင်း ၅၁ ပိုင်းရှိပြီး မင်းသမီး Zhao Liying ရဲ့ ကျွမ်းကျင်တဲ့သရုပ်ဆောင်ချက်တွေကိုတွေ့ရတဲ့အပြင် Yibo လေးကလည်း သူ့ရဲ့ပုံစံနဲ့လုံးဝကိုကွဲထွက်နေတဲ့ ဇာတ်ကောင်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဇာတ်လမ်းကကောင်းမွန်ပြီး စိတ်ဝင်စားဖို့ကောင်းတာကြောင့် Billion နဲ့ချီတဲ့ ကြည့်ရှုသူတွေကိုရရှိထားပြီး ယခုအချိန်ထိလည်း အောင်မြင်မှုမြောက်မြားစွာကို ရရှိထားပါတော့တယ်။

Source: DailyCpop
Photos: Weibo
Written: Nay Chi

Share