သူရဲ့မိတ်ကပ်ပညာရှင်ကို လေးစားမှုရှိပေးဖို့ သတိပေးခဲ့တဲ့ တရုတ်မင်းသားချော Yang Yang

ဖျော်ဖြေရေးလောကမှာ အနုပညာရှင်တွေနဲ့ မိတ်ကပ်ပညာရှင်တွေဆိုတာ ခွဲခြားလို့မရတဲ့အရာတွေထဲကတစ်ခုပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရှေ့ကိုထွက်မယ့် အနုပညာရှင်တစ်ယောက်အတွက် မိတ်ကပ်ပညာရှင်ရဲ့ထောက်ပံ့မှုကအပြည့်အဝပါဝင်နေပါတယ်။

Fan တွေအနေနဲ့လည်း မိမိတို့ကြိုက်နှစ်သက်တဲ့အနုပညာရှင်နဲ့အနီးဆုံးမှာရှိနေတဲ့ မိတ်ကပ်ပညာရှင်တွေကိုအားကျကြတာမျိုးတွေရှိသလို၊ တစ်ခါတစ်ရံမှာလည်းဝေဖန်ထောက်ပြမှုတွေရှိတတ်ပါတယ်။ ဝေဖန်တယ်ဆိုတဲ့နေရာမှာလည်း ပိုမိုကောင်းမွန်လာဖို့အကြံပေးခြင်းနဲ့ တိုက်ခိုက်ပြောဆိုခြင်းဆိုပြီး ရှိပါသေးတယ်။

အားလုံးသိကြတဲ့အတိုင်း တရုတ်နိုင်ငံမှာတော့ ဘယ်အသိုင်းအဝိုင်းမှာမဆို စည်းကမ်းကန့်သတ်မှုတွေ၊ ဝေဖန်ပြောဆိုမှုတွေက သိပ်ကိုများပြားလွန်းလှပါတယ်။ အနုပညာလောကအနေနဲ့ပြောရရင် Studio တွေကနေထုတ်ပေးတဲ့ပုံတွေကနေစပြီး ဇာတ်လမ်းတွဲတွေမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ မိတ်ကပ်အနေအထား၊ ဝတ်စားဆင်ယင်ပုံအထိ အသေးစိတ်ထောက်ပြဝေဖန်တတ်ကြပါတယ်။

တစ်ချို့တွေကလည်း ကိုယ်ချစ်တဲ့အနုပညာရှင်ကိုဂရုစိုက်လွန်းလို့အချစ်ပိုပြီးပြောကြတာမျိုးတွေရှိပေမယ့် တစ်ချို့တွေကလည်း တမင်ကို အပြစ်ရှာပြောတာမျိုးတွေလည်းရှိနေတတ်ပါသေးတယ်။ အဲ့လိုဝေဖန်အပြစ်ရှာသူတွေက Yang Yang ရဲ့ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး သူ့ရဲ့မိတ်ကပ်ပညာရှင်ကို ဝေဖန်မှုတွေများပြားလာခဲ့တာဖြစ်ပါတယ်။

Yang Yang ရဲ့ပုံအောက်မှာ မျက်ခုံးမွှေးကကြည့်ရဆိုးလိုက်တာ၊ ရုပ်ဆိုးလွန်းတယ် စသဖြင့် အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။ “မျက်ခုံးမွှေးကကြည့်ရဆိုးလိုက်တာ”လို့ဝေဖန်ခဲ့သူကို Yang Yang က “မင်းမျက်လုံးကတော့ပိတ်နေပြီ ငါ့အဖေနဲ့အမေကငါ့ကိုဒီလိုပဲမွေးထားတာ” လို့ပြောခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ” မိတ်ကပ်ဆရာက Zhang Da ပဲ၊ အတူတူအလုပ်လုပ်လာတာကြာနေပြီ Yang Yang ရဲ့ Weibo ကိုတစ်ချက်လေးတောင်လှည့်ကြည့်ဖို့ခက်ခဲနေတာလား (သူပြောချင်တာက တင်ထားတဲ့ပုံကမိတ်ကပ်ကို တစ်ခေါက်လောက်စစ်ဆေးဖို့ခက်ခဲနေလားပေါ့) တကယ်ကိုအလုပ်ကြိုးစားတဲ့သူပဲ၊ ရာထူးကလည်းကြီးပြီး အစွမ်းအစလည်းထက်မြက်လိုက်တာ၊ Yuekai Entertainment ကမင်းနဲ့မတန်ပါဘူး၊ မင်းတော့ပိုကောင်းတဲ့လူရှာသင့်ပြီထင်တယ်၊ Yang Yang ရဲ့မျက်ခုံးမွှေးကိုလက်လွှတ်လိုက်ရင်ကောင်းမယ်” ဆိုပြီးခနဲ့တဲ့စကားလုံးတွေနဲ့ဝေဖန်ခဲ့ပါသေးတယ်။

အဲ့ဒီမှာ Yang Yang က “တစ်ခုပြောရဦးမယ် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုမင်းတို့လေးစားပေးပါ၊ ဒီလိုမျိုးအပြစ်ပြောတာ အရမ်းလွန်တယ်၊ မင်းပဲငါ့ကိုမိတ်ကပ်လာလိမ်းပေးလိုက်ပါတော့” ဆိုပြီး သူရဲ့မိတ်ကပ်ပညာရှင်ဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်ကိုလေးစားပြီး အပြောအဆိုဆင်ခြင်ကြဖို့ပြောလိုက်တဲ့ Yang Yang ရဲ့စကားကိုပရိတ်သတ်တွေ သဘောကျကျေနပ်ခဲ့ကြပါတယ်။ ခဏအတွင်းမှာပဲ အင်တာနက်သုံးစွဲသူတွေကြားမှာပျံ့နှ့ံသွားပြီး Weibo ရဲ့ Trend 1 ထိနေရာယူခဲ့ပါတယ်။ Yang Yang ကတော့ Fan တွေကိုအမြဲစောင့်ကြည့်နေတတ်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုဖော်ပြနေပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share