Lay Zhang ကတော့ တရုတ်ဂီတလောကပိုင်းမှာ ဆရာတစ်ဆူဖြစ်ပြီး သူ့ရဲ့ဆန်းစစ်တဲ့ဖန်တီးမှုတွေကိုတော့ နားဆင်သူတိုင်း သဘောတွေ့ကြစမြဲပါတယ်။ ကိုယ်ပိုင် Entertainment တည်ထောင်လိုက်တဲ့ Lay ကတော့ တရုတ်နိုင်ငံရဲ့ဂီတလောကနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေရှိနေပါတယ်။ အင်တာဗျူးတစ်ခုမှာဆိုရင်တော့ Lay ဟာ သူ့ရဲ့မျှော်မှန်းချက်တွေကို အသေးစိတ်ပြောပြထားခဲ့ဖူးပါတယ်။
Entertainment တည်ထောင်ပြီးနောက် Lay နဲ့ပြုလုပ်ခဲ့တဲ့ Interview မှာတော့ Lay ဟာ သူ့ရဲ့အနုပညာနဲ့ပတ်သက်ပြီး အလုံးစုံပြောပြလာခဲ့ပါတယ်။ “အရင်ကတည်းက ကျွန်တော်က ကိုယ်ပိုင် Entertainment တည်ထောင်ပြီး ကမ္ဘာကြီးကို ကျွန်တော့်ရဲ့ဖန်တီးမှုတွေ ချပြချင်တာပါ။ ဘယ်လောက်အခက်အခဲတွေရှိပါစေ.ကျွန်တော်မဖြစ် ဖြစ်အောင်လုပ်ချင်ခဲ့ပါတယ်။
ဒါကြောင့်လည်း Chromosome Entertainment ကို တည်ထောင်ခဲ့တာပါ။ ကျွန်တော့် ကုမ္ပဏီက Trainee တွေဟာ တရုတ်နိုင်ငံရဲ့ယဥ်ကျေးမှုနဲ့ သမိုင်းကြောင်းကို အရင်ကထက်ပိုပြီးနားလည်နိုင်အောင် လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်က သီချင်းပုံစံမျိုးစုံကို သဘောကျတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသစ်ဖန်တီးမှုတွေလုပ်ချင်တယ်လေ။
ဒါ့ကြောင့် သီချင်းပုံစံတွေကို ရောယှက်ပြီး အသစ်တွေဖန်တီးလိုက်ပါတယ်။ M-Pop နဲ့ပတ်သက်လာရင် တိုးတက်ဖွံ့ဖြိုးလာစေချင်ပါတယ်။ ငယ်ငယ်လေးကတည်းက ကျွန်တော့်မှာ ရည်မှန်းချက်အကြီးကြီးရှိပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံဆိုတာ ဘယ်လိုမျိုးခမ်းနားပါတယ်ဆိုပြီး ကမ္ဘာကြီးကို ချပြချင်တာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော့်ကိုကျွန်တော် ပြန်ပြီးစိန်ခေါ်ခဲ့တယ်။
ကျွန်တော်ဝန်ခံပါတယ်..ကျွန်တော်လုပ်သမျှတိုင်းက အမြဲတမ်းတော့ မအောင်မြင်ပါဘူး။ အမှားတွေကိုလေ့လာပြင်ဆင်ရင်း သီချင်းပုံစံအမျိုးမျိုးကိုဖန်တီးဖို့ကြိုးစားနေပါတယ်။ အသစ်သစ်တွေကိုဖန်တီးရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း ပျောက်ဆုံးမသွားအောင် ဂရုစိုက်ရပါမယ်။
ကျွန်တော့်မှာဆိုရင် အကောင်းဆုံးပံ့ပိုးအားပေးနေတဲ့ပရိသတ်တွေရှိတယ်။ ကျွန်တော့်ရဲ့အိပ်မက်တွေကို ဖြစ်မြောက်အောင်ဖြည့်စည်းကူညီမဲ့ ပရိသတ်တွေရှိပါတယ်။ ကျွန်တော့်ရဲ့ပင်ပင်ပန်းပန်းကြိုးစားအားထုတ်မှုကတော့ နောင်လာမဲ့အနုပညာရှင်တွေအတွက် ကမ္ဘာ့အလယ်မှာခေါင်းမော့နိုင်စေဖို့အတွက် လမ်းဖောက်ပြီးသားဖြစ်သွားရင် ကျေနပ်ပါပြီ။
ကျွန်တော့်ထက်ငယ်ရွယ်တဲ့သူတွေကို အားပေးရင်းနဲ့ သူတို့ဆီကပြန်လည်သင်ယူပါတယ်။ ကျွန်တော့်ရဲ့အသစ်အသစ်သောသီချင်းတွေကတဆင့် M-Pop ကို လူသိများလာပြီး ကမ္ဘာအဆင့်ထိ ထိုးဖောက်နိုင်ချင်တာပါ။ ဒါကတော့ ကျွန်တော့်အတွက်တစ်ခုတည်းသော အနုပညာခံယူချက်ပါပဲ” ဆိုပြီး အသေးစိတ်ပြောပြခဲ့ပါတယ်။
ကိုယ့်နိုင်ငံ၊ ကိုယ့်ယဥ်ကျေးမှုကို နိုင်ငံအလယ်မှာချပြချင်တဲ့ Lay Zhang ရဲ့ မျိုးချစ်စိတ်ကတော့ အလွန်ကိုလေးစားဖို့ကောင်းလှပါတယ်။ လူငယ်မျိုးဆက်သစ်တွေအတွက်ပါ တွေးတောပေးတတ်တဲ့ Lay ရဲ့စိတ်ဓာတ်ကြောင့်ပဲ ရည်မှန်းချက်တွေက ပြည့်မြောက်လာဦးမယ်ဆိုတာကို ယုံကြည်နေမိပါတယ်။
Source: TBM
Photos: Twitter
Written: Nay Chi