သားသမီးတွေရှိလာရင် Idol ဖြစ်လာဖို့အားပေးမှာမဟုတ်ဘူးဆိုတဲ့ Lay Zhang

အနုပညာနယ်ပယ်ရဲ့နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Lay (EXO) ကတော့ သူ့ရဲ့အနုပညာကိုအလွန်တရာမြတ်နိုးလေးစားတန်ဖိုးထားကြောင်း အားလုံးလည်းအသိဆုံးပါပဲ။ အနုပညာလောကထဲမှာပဲ ဘဝကိုမြှုပ်နှံကျင်လည်ရင်း အခက်အခဲတွေကိုကျော်ဖြတ်ပြီး အရာရာကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်တတ်တဲ့ Lay ကတော့ သူ့ရဲ့သားသမီးတွေကို Idol တွေဖြစ်လာဖို့ အားပေးမှာမဟုတ်တဲ့အကြောင်း အတိအလင်းပြောပြလာခဲ့ပါတယ်။

“Pear Vid” နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့ “လူငယ်တွေက မင်းလိုမျိုး Idol တစ်ယောက်ဖြစ်လာချင်တယ်ဆိုပြီး ရည်မှန်းချက်ရှိရင် အားပေးမှာလား?” ဆိုတဲ့မေးခွန်းကို အမေးခံလိုက်ရပါတယ်။ ထိုအခါမှာ Lay က “အဲ့လိုရည်ရွယ်ချက်ရှိတဲ့သူတိုင်းကိုတော့ အားပေးပါတယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့သားသမီးတွေက ချွင်းချက်ပါပဲ။ သူတို့သာ Idol ဖြစ်လာချင်တယ်ဆိုရင် ကျွန်တော်ကန့်ကွက်ရပါလိမ့်မယ်။ သားလေးသာမွေးခဲ့ရင် Idol ဖြစ်လာဖို့ လုံးဝလက်ခံမှာမဟုတ်ပါဘူး။ သူ့ကို ကျွန်တော်နဲ့မတူတဲ့ တခြားအလုပ်အကိုင်မျိုးပဲလုပ်စေချင်ပါတယ်။

ဆရာဝန်၊ ရှေ့နေ ဒါမှမဟုတ် အနုပညာကိုဖန်တီးခံစားတတ်တဲ့ပညာရှင် (ပန်းချီ၊ပန်းပု စသဖြင့်) ဖြစ်လာစေချင်ပါတယ်။ သူကြိုက်နှစ်သက်တဲ့အလုပ်အကိုင်ကို ရွေးချယ်လုပ်ကိုင်စေမှာပါ။ ဒါပေမဲ့ Idol ဖြစ်လာချင်တယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ ပံ့ပိုးအားပေးမှာမဟုတ်ပါဘူး။

သမီးလေးသာဆိုရင် ပိုပြီးတောင်ကန့်ကွက်ဦးမယ်။ မင်းသမီးတစ်ယောက်ဖြစ်လာဖို့..Idol တစ်ယောက်ဖြစ်လာဖို့ကို လုံးဝကိုလက်ခံမှာမဟုတ်ဘူး။ လုံးဝပဲ” ဆိုပြီး ယတိပြတ်ပြောချလာပါတော့တယ်။ အနပညာရှင်တွေအနေနဲ့ အားပေးတဲ့သူတွေရှိသလိုပဲ တစ်ဖက်မှာလည်း ဝေဖန်တိုက်ခိုက်တဲ့သူတွေရှိစမြဲဖြစ်ပါတယ်။

ဒါကိုကောင်းကောင်းကြီးနားလည်နေတဲ့ Lay ကတော့ သူ့ရဲ့သားသမီးမျိုးဆက်တွေကို ယခုကတည်းက ကာကွယ်စောင့်ရှောက်ချင်နေပုံပါပဲ။ ဘာလုပ်လုပ် အကွက်စေ့ပြီး စနစ်ကျတဲ့ Lay ကတော့ အနာဂတ်ခရီးအတွက်တောင် အစီအစဥ်ဆွဲပြီးနေပြီထင်ပါရဲ့။

Source: Koreaboo
Photos: Weibo
Written: Nay Chi

Share