မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်တဲ့ K-Pop လောကရဲ့ အင်အားအကြီးဆုံး Entertainment ၂ ခု

K-Pop လောကရဲ့ အကြီးဆုံး Entertainment ၄ ခုထဲက ၂ ခုဖြစ်တဲ့ YG Entertainment နဲ့ Big Hit Entertainment တို့ဟာ စီးပွားရေးအရ လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။YG Entertainment က ထုတ်ပြန်လိုက်တဲ့ သတင်းအရ သူတို့ဟာ Big Hit Entertainment နဲ့ စီးပွားရေးမဟာဗျူဟာအရ မဟာမိတ်ဖွဲ့လိုက်ကြပြီဖြစ်ပြီး ပုံစံအမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီလို မဟာမိတ်ဖွဲ့လိုက်ခြင်းကြောင့် company ၂ ခုရဲ့ content ဖြန့်ဝေခြင်း၊ content ဖန်တီးခြင်းနဲ့ media platform စတဲ့ နယ်ပယ်တွေမှာ အချိတ်အဆက်မိသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် company ၂ ခုက ဖန်တီးထားတဲ့ online နဲ့ offline platform တွေကိုပါ ဒီလို ပူးပေါင်းမှုကနေ တစ်ဆင့် ပိုမိုချဲ့ထွင်သွားမယ်လို့ ဆိုပါတယ်။

YG Entertainment ဟာ မတူကွဲပြားသော အနုပညာရှင်များရဲ့ အိမ်တစ်အိမ်ဖြစ်ရုံသာမက တေးဂီတ ဖန်တီးခြင်း၊ တေးဂီတ ဖြန့်ချီခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်းတွေမှာပါ အားသာချက်တွေ ရှိနေတာ ဖြစ်ပါတယ်။ Big Hit Entertainment ကတော့ စီးပွားရေးမှာ ပြိုင်ဘက်ကင်းတဲ့ Entertainment တစ်ခုဖြစ်ပြီး fan community platform ဖြစ်တဲ့ Weverse ကနေ သူတို့ အနုပညာရှင်တွေရဲ့ fanbase ကို ကြီးထွားလာအောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီပူးပေါင်းမှုကနေ YG Entertainment ဟာ Weverse မှတစ်ဆင့် သူတို့ အနုပညာရှင်တွေကို ကမ္ဘာနဲ့အဝှမ်း ပရိသတ်ပိုများလာအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ Big Hit Entertainment ကလည်း YG Entertainment ရဲ့ အနုပညာရှင်တွေ ပါဝင်လာတာကြောင့် Weverse ရဲ့ ကမ္ဘာနဲ့အဝှမ်း ထိုးဖောက်နိုင်စွမ်းကို မြှင့်တင်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒီ့အပြင် YG Entertainment ဟာ ကုန်ပစ္စည်း ဖြန့်ချီရေးအတွက် Big Hit Entertainment နဲ့ YG PLUS တို့ရဲ့ ပူးပေါင်းမှုကနေ တစ်ဆင့် ပရိသတ်တွေကို အတွေ့အကြုံသစ်တွေ ပေးစွမ်းနိုင်မယ့် သစ်လွင်ဆန်းပြားတဲ့ နည်းလမ်းတွေကို တည်ဆောက်သွားဖို့ စီစဉ်လျက်ရှိပါတယ်။

YG PLUS ဟာ Big Hit Entertainment ရဲ့ album ၊ digital music နဲ့ ကုန်ပစ္စည်း ဖြန့်ချီရေးတို့အတွက် Big Hit Entertainment နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ နှစ်ဖက် company က တာဝန်ရှိသူများက “ကျွန်ုပ်တို့ဟာ company ၂ ခုလုံးရဲ့ သက်ဆိုင်ရာနယ်ပယ်တွေအတွက် အကောင်းဆုံးဖြစ်ဖို့ ရည်ရွယ်ထားတဲ့ အသစ်အသစ်သော အလှည့်အပြောင်းတွေကို ပြင်ဆင်လျက်ရှိပါတယ်။

ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်မယ့် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ရင်း အတူတူ အင်အားကြီးမားလာအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မဟာမိတ်ဖွဲ့ကြောင်း ကြေငြာပြီးချိန်မှာပဲ Big Hit Entertainment နဲ့ သူ့ရဲ့ company ခွဲဖြစ်တဲ့ beNX တို့ဟာ YG PLUS အတွက် ဝမ် ၇၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

ဝမ် ၃၀ ဘီလီယံက Big Hit Entertainment ကဖြစ်ပြီး ကျန်တဲ့ ဝမ် ၄၀ ဘီလီယံကတော့ beNX က ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကနေ Big Hit Entertainment ၊ beNX နဲ့ YG PLUS တို့ဟာ အမျိုးမျိုးသော စီးပွားရေးနယ်ပယ်တွေမှာ မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်သွားဖို့ အုတ်မြစ်ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Big Hit Entertainment ဟာ GFriend အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Source Music Entertainment နဲ့ NU’EST ၊ Seventeen တို့ရဲ့ အေဂျင်စီဖြစ်တဲ့ Pledis Entertainment တို့နဲ့လည်း စီးပွားရေးအရ ပူးပေါင်းထားပါသေးတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share