Xiao Zhan ရဲ့ Studio ကို လူစိမ်းတွေရုတ်တရက်လာနှောင့်ယှက်ခဲ့တဲ့ဖြစ်ရပ်

ဇန်နဝါရီလ (၂၉)ရက်နေ့၊ နံနက်(၁၁)နာရီခန့်က Xiao Zhan ရဲ့ Studio မှာ လူလတ်ပိုင်းအရွယ်အမျိုးသားနှစ်ယောက်ကို မမျှော်လင့်ပဲတွေ့ရှိခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လူစိမ်းနှစ်ယောက်ဟာ Xiao Zhan ရဲ့ Studio ရှေ့ကိုရုတ်တရက်ရောက်လာကာ LED board တစ်ခုတပ်ဆင်ထားတဲ့ ကြော်ငြာကားနဲ့ အသံချဲ့စက်များကို ကျယ်လောင်စွာဖွင့်ပြီး Studio အပါအဝင် အများပြည်သူကိုအနှောင့်အယှက်ဖြစ်အောင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

LED board မှာတော့ Studio ရဲ့အလုပ်အမှုဆောင်တစ်ယောက်ကိုအလုပ်ဖြုတ်ပေးဖို့နဲ့ အခြားအကြောင်းအရာများကို ရေးသားထားတာကိုတွေ့ရပါတယ်။ သူတို့ကိုတားဆီးဖို့ကြိုးစားတဲ့ဝန်ထမ်းများကိုလည်း ခြမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဖြစ်ပေါ်လာခဲ့တဲ့အခြေအနေအတွင်းမှာ Studio ဝန်ထမ်းတွေက အဆောက်အဦးစီမံခန့်ခွဲရေးဌာနကိုအကြောင်းကြားပြီး ရဲကိုတိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ မကြာခင်မှာပဲ ဆက်လက်ပြီးဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်များကိုကြိုတင်ထိန်းသိမ်းနိုင်ဖို့အတွက် Xiao Zhan ရဲ့ Studio ကနေ ကြေညာစာတစ်စောင်ကိုထုတ်ဝေခဲ့ပါတယ်။

ကြေညာစာမှာရေးသားထားတဲ့အကြောင်းအရာကတော့ မီဒီယာများနှင့်အင်တာနက်သုံးစွဲသူများကိုလှည့်ဖြားခြင်းမှကာကွယ်နိုင်ရန် Mr. Xiao Zhan နဲ့ Studio သည် အများပြည်သူဆိုင်ရာစည်းမျဉ်းဥပဒေများကိုအနှောင့်အယှက်ဖြစ်စေမည့် ဤကဲ့သို့အန္တရာယ်ရှိသောကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါကြောင်း ဖော်ပြပါရှိပါတယ်။

ဒီကိစ္စနဲ့ပက်သတ်ပြီး အင်တာနက်သုံးစွဲသူများကြားမှာ ဆုံးဖြတ်ချက်ချလို့မရတဲ့ ဝေဖန်မှုတွေများစွာပေါ်ပေါက်လာခဲ့ပြီး Weibo ရဲ့ Trend-1 အထိရောက်ရှိခဲ့ပါတယ်။ Xiao Zhan အတွက် စိုးရိမ်နေကြတဲ့ Fan တစ်ချို့လည်းရှိလို့နေပါတယ်။

ခန့်မှန်းပြောဆိုနေကြတဲ့အခြေအနေမျိုးစုံရှိနေပေမယ့် ဘယ်အကြောင်းအရာက အမှန်တကယ်ဖြစ်မလဲဆိုတာကို ဆုံးဖြတ်ဖို့တကယ်ခက်ခဲလှပါတယ်။ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေမြင့်မားလာနေတဲ့ အနုပညာရှင်တစ်ယောက်အတွက် အတိုက်အခိုက်တွေကို စိန်ခေါ်မှုတွေအဖြစ်ပြောင်းလဲကာ အကောင်းဆုံးကျော်လွှားဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share