ဇာတ်လမ်းတွဲအသစ်မှာ Senior မင်းသမီးချောတစ်ယောက်နဲ့အတူထပ်မံမြင်တွေ့ရနိုင်ဖို့အလားအလာရှိနေတဲ့ Wang Yibo

တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံပေါင်းစုံက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ တရုတ်မင်သားချော Wang Yibo ကတော့ ကဏ္ဍစုံအနုပညာလှုပ်ရှားတွေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ထိပ်တန်းအနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

အဆိုတော်တစ်ယောက်အနေနဲ့ပွဲဦးထွက်ခဲ့သူဖြစ်ပေမယ့် မြင့်မားတဲ့အနုပညာပါရမီနဲ့ ပြည့်ဝတဲ့အရည်အချင်းတို့ကြောင့် အခုဆိုရင် နာမည်ကျော်ကြားလူကြိုက်များတဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် တွေ့မြင်နေရပြီဖြစ်ပါတယ်။ အဆိုပိုင်းမှာရော၊ အကပိုင်းမှာရောကျွမ်းကျင်ရုံသာမက သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်တယ်ဆိုတာကိုသက်သေပြလို့ရတဲ့ ဇာတ်လမ်းတွဲများလည်းရှိနေပါတယ်။

ပရိတ်သတ်တွေရဲ့ စိတ်တိုင်းကျအားပေးမှုများနဲ့ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “The Untamed” နဲ့ မကြာသေးမီကထုတ်လွှင့်ခဲ့တဲ့ “Legend of Fei” တို့အပါအဝင်ပဲဖြစ်ပါတယ်။ပရိတ်သတ်အတွက် သီချင်းအသစ်တွေကို အစဉ်အမြဲချပြရင်း ဂီတလမ်းကြောင်းပေါ်မှာလည်းလျှောက်လှမ်းနေသလို တခြားတစ်ဖက်မှာလည်း ရိုက်ကူးရေးလမ်းကြောင်းပေါ်မှာ အလားအလာကောင်းတဲ့သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်းရပ်တည်နေပါသေးတယ်။

ကြိုးစားအားထုတ်မှုများရဲ့အကျိုးရလဒ်ကနေတစ်ဆင်​့ အနုပညာရှင်တစ်ယောက်ရဲ့ဝိသေသလက္ခဏာတွေကလည်း အစဉ်အမြဲတိုးပွားလာနေပါတယ်။ ပရိတ်သတ်များစွာကိုပိုင်ဆိုင်ဖို့ထိုက်တန်တဲ့ ထိပ်တန်းအဆင့်ကြယ်ပွင့်လေးတစ်ပွင့်အဖြစ်သတ်မှတ်ခံထားရတယ်ဆိုတာ ငြင်းစရာတော့မရှိပါဘူး။

ဒီလိုပြီးပြည့်စုံမှုတွေနဲ့အတူ ပရိတ်သတ်တွေရှေ့ကိုထွက်ပေါ်လာဦးမယ့် Wang Yibo ရဲ့ဇာတ်လမ်းတွဲအသစ်ရှိနေပါသေးတယ်​။ ဒီဇာတ်လမ်းတွဲကိုတော့ “Twentie” လို့ခေါ်တဲ့ Novel ကိုအခြေခံပြီး ရိုက်ကူးပုံဖော်မယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Li Xun ဆိုတဲ့ကောင်လေးဟာ ကျောင်းသားဘဝမှာနွေးထွေးကြင်နာပြီး ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။

လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာတော့ သူဟာအကြံဉာဏ်ကြီးမားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ကိုနားလည်ပေးနိုင်တဲ့သူဆိုလို့ Zhu Yun ဆိုတဲ့ကောင်မလေးတစ်ယောက်ပဲရှိခဲ့တယ်။ အချိန်(၂)နှစ်တာကာလအတွင်းမှာပိုမိုနီးစပ်လာတဲ့နှလုံးသား(၂)ခုနဲ့အတူ အနိမ့်အမြင့်အတက်အကျတွေနဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့သိရပါတယ်။

Novel ရဲ့အနေအထားအရ အခုအချိန်မှာတော့ Wang Yibo ဟာ ခေါင်းဆောင်မင်းသားအဖြစ် Li Xun ဆိုတဲ့ဇာတ်ကောင်ကို အကြီးအကျယ်လွှမ်းမိုးထားသူဖြစ်ပါတယ်။ နွေးထွေးပြီးတောက်ပတဲ့ စရိုက်ကိုပဲဖြစ်စေ၊ အေးစက်ပြီးမာကျောတဲ့ စရိုက်ကိုပဲဖြစ်စေ အကောင်းဆုံးပုံဖော်နိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားကြပါတယ်။

ဘာကြောင့်လဲဆိုတော့ “Legend of Fei” ဇာတ်လမ်းတွဲမှာ သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့စရိုက်မျိုးကိုမြင်တွေ့ခဲ့ရသလို “The Untamed” ဇာတ်လမ်းတွဲမှာလည်း တည်ငြိမ်အေးဆေးတဲ့စရိုက်မျိုးကိုပီပြင်အောင် ချပြထားနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

“Legend of Fei” ဇာတ်လမ်းတွဲမှာ Zhao Liying နဲ့အတူပါဝင်ခဲ့သလို ဒီဇာတ်လမ်းတွဲမှာလည်း Senior မင်းသမီးချောတစ်ယောက်နဲ့အတူမြင်ရဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ သူမကတော့ အသက်(၁၆)နှစ်ကတည်းကအနုပညာလောကကိုဝင်ရောက်ခဲ့ပြီး လက်ရှိမှာလည်း “Mulan” ရုပ်ရှင်နဲ့အတူ Oscar ဆုအတွက်စာရင်းပေးခြင်းခံထားရတဲ့ မင်းသမီးချော Liu Yifei ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားဝင်ကြေညာမှုမျိုးမပြုလုပ်ရသေးဘူးဆိုပေမယ့်လည်း ပရိတ်သတ်များစွာရဲ့ မျှော်လင့်ချက်ဖြစ်တာကြောင့် တကယ်ဖြစ်မလာနိုင်ဘူးလို့ငြင်းလို့မရနိုင်သေးတဲ့အခြေအနေလည်းဖြစ်နေပါတယ်။ ဘယ်လိုရွေးချယ်မှုမျိုးကိုပဲပြုလုပ်ခဲ့သည်ဖြစ်စေ Wang Yibo ရဲ့ပရိတ်သတ်တွေကတော့ အားပေးဖို့အသင့်ဖြစ်နေကြလောက်မယ်လို့ ယုံကြည်မိပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share