အခက်အခဲ​တွေနဲ့ကြုံတွေ့ရတဲ့အခါတိုင်း အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနည်းကိုပြောပြခဲ့တဲ့ J-Hope

တစ်စုံတစ်ယောက်ရဲ့ပရိသတ်ဖြစ်လာတဲ့အခါတိုင်း ကိုယ်ချစ်ရတဲ့အနုပညာရှင်တွေရဲ့ ပြောစကားတွေကိုနားထောင်ရင်း၊ အတုယူလေ့လာရင်း ဘဝကိုဖြတ်သန်းကြလေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း BTS အဖွဲ့ရဲ့ J-Hope ကတော့ ပရိသတ်တွေအတွက် ခွန်အားဖြစ်စေမဲ့စကားလေးနဲ့ နှစ်သိမ့်ပေးခဲ့ပြန်ပါတယ်။

Apple Music နဲ့ ပြုလုပ်ခဲ့တဲ့ Interview မှာ BTS အဖွဲ့ရဲ့ J-Hope ကို အဆမတန်နာမည်ကြီးလာတဲ့အခါ ဖြစ်ပေါ်လာတဲ့အခက်အခဲတွေကို ဘယ်လိုစိတ်မျိုးထားရှိပြီး ရင်ဆိုင်လေ့ရှိသလဲ.. ဆိုပြီး မေးမြန်းခဲ့ကြပါတယ်။ ထိုအခါ J-Hope က “ကြီးမားတဲ့ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်ကြိုးစားတဲ့အခါတိုင်း ကောင်းခြင်း၊ဆိုးခြင်း စသဖြင့်ကြုံတွေ့ရစမြဲပါ။

ဒီ့အတွက် အကောင်းဆုံးခံယူချက်ကတော့ ဘဝမှာဖြစ်လာသမျှအရာရာတိုင်းကို ကျေးဇူးတင်စွာနဲ့လက်ခံလိုက်ဖို့ပါပဲ။ ကျွန်တော်ကတော့ အမြဲတမ်း ပစ္စုပ္ပန်မှာပဲနေနိုင်အောင်ကြိုးစားတယ်။ ဒါကြောင့်မို့လို့ နေ့ရက်တိုင်းမှာ ဖြစ်သမျှကိုလက်ခံပြီး နေနိုင်လာပါတယ်။ အကောင်းမြင်တတ်တဲ့စိတ်နဲ့ရှေ့ဆက်နိုင်အောင်ကြိုးစားရပါလိမ့်မယ်။

BTS အဖွဲ့ရဲ့ J-Hope လို့ အခေါ်ခံရခြင်းအပေါ်မှာလည်း နောင်တကင်းမဲ့စွာနဲ့လ​ျှောက်လှမ်းနိုင်အောင်ကြိုးစားမယ်။ အဆမတန်နာမည်ကြီးလာတဲ့လူတိုင်းမှာ ခံစားချက်နဲ့ပတ်သက်ပြီး ဝေခွဲမရတာမျိုးတွေရှိလာတတ်တာကို ကျွန်တော်ကိုယ်တိုင်သဘောပေါက်လာခဲ့တယ်။

Justin Bieber ရဲ့ “Lonely” ကို နားထောင်တိုင်း ပိုပြီးနားလည်လာရတယ်။ ကျွန်တော်ပြောချင်တာက လူတစ်ယောက်ချင်းစီတိုင်းမှာ ရင်ဆိုင်ရတဲ့အခက်အခဲ‌တွေဆိုတာရှိနေမှာပဲ။ ဒါကိုမြင်အောင်ကြည့်တတ်ပြီး ကျော်ဖြတ်နိုင်ဖို့ လက်မလျှော့ပဲကြိုးစားရပါမယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

J-Hope ရဲ့လေးနက်တဲ့စကားတွေဟာ ကျော်ကြားနေတဲ့သူတွေအတွက်တင်မကဘဲ ဘဝအတွက်တိုက်ပွဲဝင်နေတဲ့လူတိုင်းအတွက်ခွန်အားဖြစ်စေခဲ့ပါတယ်။ လူသားအားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ယုံကြည်ချက်အပြည့်နဲ့ ဘဝမှာနေနိုင်ဖို့ မျှော်လင့်နေတဲ့ J-Hope ကတော့ ဖတ်ရှူသူတိုင်းကိုခွန်အားဖြစ်စေခဲ့ပြန်ပါပြီ။ ပရိသတ်ကြီးလည်း J-Hope ပြောတဲ့အတိုင်း ကိုယ်ကြုံတွေ့ရတဲ့အခက်အခဲတိုင်းကို ရင့်ကျက်စွာနဲ့ အကြံ့ခိုင်ဆုံးရင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Koreaboo
Photos: Naver
Written: Nay Chi

Share