The Penthouse 2 မှာ အတူယှဉ်တွဲ သရုပ်ဆောင်ပြခဲ့တဲ့ မင်းသမီး Kim So Yeon တို့ စုံတွဲ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ The Penthouse 2 အပိုင်းမှာ မင်းသမီး Kim So Yeon ရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Lee Sang Woo က အထူးဧည့်သည် သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသား Lee Sang Woo ဟာ ဇာတ်လမ်းထဲမှာ Cheon Seo Jin (မင်းသမီး Kim So Yeon) ကို သိပ်ပြီး အမြင်မကြည်တဲ့ သတင်းထောက်တစ်ယောက် နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာ Cheon Seo Jin ဟာ သူမရဲ့ အနုပညာသက်တမ်း နှစ် ၂၀ ပြည့်အတွက် အထိမ်းအမှတ်ပွဲတစ်ပွဲ ပြုလုပ်မှာဖြစ်ပြီး ထိုပွဲအတွက် အကြိုလေ့ကျင့်နေတဲ့ပုံစံကို သတင်းထောက် အများအပြားခေါ်ပြီး ပြသခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ သတင်းထောက်တွေရှေ့မှာ သီဆိုလေ့ကျင့်နေစဉ် ကီးကြောင်သွားခဲ့ပါတယ်။

ထိုအခါ လေ့ကျင့်မှုကို ရပ်နားလိုက်ပြီး သတင်းထောက်တွေကလည်း ပြန်ဖို့ ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ သတင်းထောက်တစ်ယောက်ကတော့ မပြန်​သေးပဲ ထိုင်ရာကနေ လက်ခုပ်တီးပြီး “ကီးကြောင်တာမျိုးလည်း ဖြစ်တတ်တာပဲနော်” လို့ ခနဲ့သလို ပြောခဲ့ပါတယ်။ ထိုသူကတော့ မင်းသမီး Kim So Yeon ရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Lee Sang Woo ပဲ ဖြစ်ပါတယ်။

ထိုအပိုင်းမှာပဲ Oh Yoon Hee နေရာက သရုပ်ဆောင်ထားတဲ့ မင်းသမီး Eugene ပါဝင်တဲ့ S.E.S အဖွဲ့ထဲက Bada ကလည်း အထူးဧည့်သည် သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ SBS ရုပ်သံလိုင်းကနေ အပတ်စဉ် သောကြာ စနေနေ့တွေမှာ ထုတ်လွှင့်နေတဲ့ The Penthouse 2 ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဒုတိယပိုင်း ပြသပြီးချိန်မှာပဲ rating ၂၀ ရာခိုင်နှုန်းကို ထပ်မံကျော်လွန်ခဲ့ပြန်ပါတယ်။

Nielsen Korea ရဲ့ ပြောကြားချက်အရ ဒီနာမည်ကြီး drama ဟာ ယခုအပတ် ပြသပြီးချိန်မှာ ပထမအပိုင်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ rating ၁၅.၁ ရာခိုင်နှုန်းနဲ့ ဒုတိယအပိုင်းအတွက် rating ၂၀.၄ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Source : Sports Seoul (Naver)
Photo : Pinterest
Written : ZL

Share