ပရိသတ်တွေရဲ့ အားပေးချီးမွမ်းမှု​တွေကို တစ်ခဲနက်ရရှိနေတဲ့ တရုတ် Bromance ဇာတ်လမ်းတွဲသစ်

အားလုံးသိထားကြတဲ့အတိုင်း ၂၀၂၁ အတွင်းမှာ ထွက်လာမဲ့ တရုတ် Bromance ဇာတ်လမ်းတွဲတွေကတော့ များပြားလှပါတယ်။ ထွက်လာမဲ့ရက်အတိအကျမသိပေမဲ့ ပါဝင်ရိုက်ကူးမဲ့မင်းသား ၂ ယောက်ကြောင့်ပဲ ကြည့်ရှုကြဖို့အားခဲထားကြပါတယ်။

မထင်မှတ်ထားတဲ့အချိန်မှာပဲ February လကုန်ခါနီးလောက်မှာတော့ စောင့်နေကြတဲ့ Bromance ကားတွေထဲက တစ်ကားဖြစ်တဲ့ “Word of Honor” ကတော့ ထွက်လာခဲ့တာပါ။ ပရိသတ်ကြားမှာ “A Tale of Wanderers” ဆိုပြီး သိရှိထားတဲ့ “Word of Honor” ဇာတ်လမ်းမှာတော့ Zhang Zhehan နဲ့ Gong Jun တို့က အဓိကဇာတ်လိုက်မင်းသားနှစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကြည့်ရှုသူတွေနဲ့ ရင်းနှီးပြီးသားမင်းသားနှစ်ယောက်ဖြစ်တဲ့အပြင် ဇာတ်လမ်းရဲ့ မူရင်း BL ဝတ္ထုကလည်း လူသိများတာကြောင့် Youku မှာ February လ ၂၂ ရက်နေ့မှာ စတင်ထွက်ကတည်းက ပရိသတ်တွေရဲ့ချီးကျူးစကားသံတွေကိုရရှိခဲ့ပါတော့တယ်။

ဒါ့အပြင် ဇာတ်လမ်းအတွက် မင်းသားနှစ်ယောက်သီဆိုထားတဲ့ OST သီချင်းအပြင် မထိတထိသရုပ်ဆောင်ချက်တွေကြောင့်ပဲ အားလုံးကနှစ်ခြိုက်သဘောတွေ့နေကြတာပါ။ အဖွင့်လှခဲ့တဲ့ Bromance ဇာတ်လမ်းကိုတော့ အသည်းတယားယားနဲ့ကြည့်ရှုလို့ရနေပါပြီ။

Youku ရဲ့ “Word of Honor” Bromance ဇာတ်လမ်းတွဲကို အားပေးကြည့်ရှုသူတွေများပြားတာကြောင့် Tencent ဖက်ကလည်း သူတို့ရဲ့ “Immortality” ဇာတ်လမ်းတွဲကို မြန်မြန်ထွက်လာနိုင်လို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ကြည့်ရမဲ့ Bromance ဇာတ်လမ်းတွဲတွေရက်ဆက်နေတာမို့လို့ ပရိသတ်တွေလည်း တစ်ကားပြီးတစ်ကားကြည့်နိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

Source: SDC
Photos: Youku
Written: Nay Chi

Share