ထူးခြားတဲ့ပွဲအခမ်းအနားတစ်ခုဖြစ်လာမယ်ဆိုပြီး သုံးသပ်ခံနေရတဲ့ “Weibo Night Event”

မကြာမီမှာကျင်းပတော့မဲ့ “2020 Weibo Night Event” ကတော့ ဒီနှစ်အတွက် ထူးခြားအားရစရာကောင်းတဲ့ပွဲတစ်ခုဖြစ်တယ်ဆိုပြီး ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ အကြောင်းအရင်းကတော့ ပွဲအခမ်းအနားအတွက် ဖိတ်ကြားထားတဲ့အနုပညာရှင်တွေဟာ များပြားလှတဲ့အပြင် ထင်မှတ်ထားခြင်းမရှိတဲ့ဖိတ်ကြားမှုပါ ပါဝင်နေတာကြောင့် ပရိသတ်တော်တော်များများ သဘောတွေ့နေကြတာပဲဖြစ်ပါတယ်။

February လကုန် ၂၈ရက်နေ့မှာ ကျင်းပတော့မဲ့ “2020 Weibo Night Event” ကိုတက်ရောက်ဖို့အတွက် နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ Yang Mi, Angelababy, Cai Xukun, Dilireba, Karry Wang, Lixian, Song Weilong, Victoria Song, Xiao Zhan, Wang Yibo, Zhao Liying, Yang Zi တို့အပါအဝင် ထိပ်တန်းအနုပညာရှင်ပေါင်း ၆၀ ကျော်ကိုဖိတ်ကြားခဲ့တာကြောင့် ပရိတ်သတ်အများအပြားရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။

ပိုပြီးအံ့သြသွားစေခဲ့တဲ့အကြောင်းအရာကတော့ EXO အဖွဲ့ရဲ့ တရုတ်နိုင်ငံသား ၄ ယောက်ဖြစ်တဲ့ Luhan, Kris Wu, Tao နဲ့ Lay Zhang တို့ကို အဆိုပါပွဲအခမ်းအနားအတွက်ဖိတ်ကြားခဲ့တာပါပဲ။ ပြောရရင်တော့ Kris, Luhan နဲ့ Tao တို့ဟာ EXO အဖွဲ့ကနေ တရားဝင်ထွက်ခွာခဲ့ပြီးနောက်ပိုင်း အခုလိုမျိုး ၄ယောက်သားကို အတူတူမတွေ့ရတော့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။

မကြာခင်ကျင်းပမဲ့အခမ်းအနားကတော့ Kris, Luhan, Tao နဲ့ Lay တို့ကို တစ်နေရာတည်းမှာအတူတူတွေ့ရတော့မှာဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ လူပြောများနေပြီး တစ်ခုခုထူးခြားမလားဆိုပြီး မျှော်လင့်နေကြပါတော့တယ်။

EXO မှ တရုတ်နိုင်ငံသား ၄ ယောက်ကို အတူတူပြန်တွေ့ဖို့ဆိုတာဟာ အားပေးခဲ့ကြတဲ့သူတွေအတွက်တော့ မမျှော်လင့်ထားခဲ့တဲ့ အကြီးမားဆုံးပျော်ရွှင်မှုပါပဲ။ ထင်မှတ်မထားတဲ့ဖိတ်ကြားမှုတွေအပြင် နာမည်ကြီးများစွာပါဝင်တဲ့ “2020 Weibo Night Event” ကိုတော့ February လ ၂၈ ရက်နေ့မှာ Tencent နဲ့ Weibo ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာလည်းဖြစ်ပါတယ်။

Source: 38jiejie
Photos: Weibo
Written: Nay Chi

Share