ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ BLACKPINK အဖွဲ့ဝင်များဟာ ဆိုးလ်မြို့မှာရှိတဲ့ ဗြိတိသျှသံရုံးကို တရားဝင် ဖိတ်ကြားခြင်းခံခဲ့ရပြီး ဗြိတိသျှဝန်ကြီးချုပ် Boris Johnson ရဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ ထိုစာထဲမှာ ဝန်ကြီးချုပ်က မကြာသေးခင်က ထွက်ထားတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိမြှင့်တင်ပေးတဲ့ ‘Climate Action in Your Area #COP26’ ဗီဒီယိုဟာ အရမ်းကို အောင်မြင်ခဲ့ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ကြည့်ရှုသူပေါင်း ၁၀သန်းကျော်ရှိခဲ့ကြောင်း၊ ဒီအဓိကကျတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ခုလို အသံပြုဖို့ ရွေးချယ်ခဲ့တဲ့တာဟာ ကောင်းမွန်တဲ့ကိစ္စဖြစ်ကြောင်း ရေးသားထားပါတယ်။
ကိုရီးယားနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Simon Smith ကတော့ “ဗြိတိသျှသံရုံးဟာ COP26 ကနေ အစပြုပြီး BLACKPINK နဲ့ YG Entertainment တို့နှင့်အတူ အလုပ်လုပ်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ကျွန်တော်တို့ဟာ အနာဂတ်မျိုးဆက်တွေအတွက် ဒီကမ္ဘာမြေကြီးကို ကာကွယ်စောင့်ရှောက်ရမယ်။
ကမ္ဘာတစ်လွှားက BLINK တွေ အားလုံးလည်း ကျွန်တော်တို့နဲ့အတူ ဒီလမ်းခရီးကို လိုက်ပါဆောင်ရွက်ပေးကြမယ်လို့ မျှော်လင့်ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ BLACKPINK အဖွဲ့ဝင်များကလည်း “ကျွန်မတို့ အရင်ဆုံးလုပ်ရမှာက ရာသီဥတုပြောင်းလဲတာနဲ့ ပတ်သက်ပြီး ကျွန်မတို့ကိုယ်တိုင် လေ့လာသင်ယူဖို့ပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိဖို့လိုပါတယ် ဘာလို့လဲဆိုတော့ ဒီအရာတွေက ကျွန်မတို့အားလုံးပေါ် သက်ရောက်မှုရှိနေလို့ပါ။ ကျွန်မတို့ ဒါနဲ့ ပတ်သက်ပြီး အများကြီး သင်ယူချင်တယ်။ ကျွန်မတို့ ပရိသတ်တွေလည်း အဲ့လိုလုပ်ကြဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
UN ရဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံကိုတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ UK မှာ ပြုလုပ်သွားမှာဖြစ်ပြီး BLACKPINK အဖွဲ့ဝင်များကတော့ ဒီညီလာခံရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်တွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အသိပညာဖြန့်ဝေဖို့ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Source : Soompi
Photo : Twitter
Written : ZL