ငယ်ဘဝရယ်မောစရာအမှတ်တရတွေ ပေးစွမ်းနိုင်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီး Ng Man Tat ကွယ်လွန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ ရုပ်ရှင်လောကအတွက် အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုဖြစ်သွားခဲ့ပါတယ်။ အားလုံးရဲ့ ငယ်ဘဝတွေမှာ ရယ်မောစရာ ပျော်ရွှင်စရာတွေနဲ့ အပန်းပြေစေခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာရဲ့ မင်းသားကြီး Ng Man Tat ဟာ ကွယ်လွန်သွားခဲ့ပါပီ။

ဟောင်ကောင် ဂန္တဝင် မင်းသားကြီး Ng Man Tat ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပါပီ။ မင်းသားကြီးဟာ အသည်းကင်ဆာရောဂါကို ဆိုးရွားစွာ ခံစားနေခဲ့ရပြီး ဆေးရုံတက်ကုသမှု ခံယူနေခဲ့ရတာပါ။ ကွယ်လွန်ခဲ့တဲ့ သတင်းကိုတော့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ Tin Kai Man မှ မင်းသားကြီးဟာ အိပ်စက်နေစဉ်အတွင်းမှာပဲ ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့တယ် ဆိုတဲ့အကြောင်း မီဒီယာတွေကို အသိပေးခဲ့တာပါ။

မင်းသားကြီး ကွယ်လွန်ခဲ့တဲ့ သတင်းကြောင့် လူပေါင်းများစွာဟာ ဝမ်းနည်းမှုတွေကို ဖော်ပြခဲ့ပါတယ်။ ဒီထဲမှာ အားလုံးရဲ့ အချစ်တော်ကြီး Stephen Chow လဲ ပါဝင်ခဲ့ပါတယ်။ Ng Man Tat နဲ့ Stephen Chow ဟာ ၁၉၈၀~၁၉၉၀ ခုနှစ်အတွင်း မြောက်မြားစွာသော ပူးပေါင်းတင်စက်မှုတွေနဲ့ ပြည်သူတွေရဲ့ ဘဝအမောတွေ ပြေစေခဲ့တာပါ။ မင်းသားကြီး Stephen Chow မှ ” ကျွန်တော်သူ့ရဲ့ ရောဂါအခြေအနေအကြောင်း အမြဲမပျက် နားစွင့်နေခဲ့တာပါ။

မျှော်လင့်ထားပြီးသား ကိစ္စဖြစ်ပေမယ့် တကယ့်ကို ဝမ်းနည်းဖြေမဆည်နိုင် ဖြစ်မိပါတယ်။ သူဟာ ကျွန်တော့ရဲ့ နှစ်ပေါင်းများစွာကြာ တွဲဖက်သရုပ်ဆောင်နဲ့ သူငယ်ချင်းတစ်ဦးပါ။ ကျွန်တော်အခုထိ ဒီအဖြစ်အပျက်ကို လက်ခံလို့ မရသေးပါဘူး” လို့ ဝမ်းနည်းစကားပြောခဲ့ပါတယ်။ အားလုံးရဲ့ အချစ်တော် ဂန္တဝင်မင်းသားကြီး Ng Man Tat ကောင်းရာမွန်ရာမှာ ငြိမ်းချမ်းစွာ အနားယူနေနိုင်ပါစေ။

Source: Weibo
Photo: Weibo
Written: Gyi Gyi

Share