JYP Entertainment ရဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE ဟာ ၂၀၂၀ ခုနှစ် မတ်လတုန်းက Tokyo Dome မှာ သူမတို့ရဲ့ ဂျပန်ပရိသတ်တွေအတွက် ဖျော်ဖြေပွဲကြီးတစ်ခုကို ပြုလုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ သို့သော်လည်း ကိုရိုနာကပ်ရောဂါကြီး ဖြစ်ပွားခဲ့တဲ့ကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ ထို့ကြောင့် ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ “TWICE in Wonderland 新体感ライブ CONNECT Special Live (Japan)” လို့ အမည်ရတဲ့ ဒုတိယအွန်လိုင်းဖျော်ဖြေပွဲကနေတစ်ဆင့် ဂျပန်ပရိသတ်တွေကို တွေ့ဆုံခဲ့ပါတယ်။
AR နဲ့ CR နည်းပညာတွေကို အသုံးပြုထားတဲ့ ဒီဖျော်ဖြေပွဲမှာဆိုရင် TWICE အဖွဲ့ဝင်တွေဟာ သူမတို့ရဲ့ ဂျပန်သီချင်းတွေဖြစ်တဲ့ “Brand New Girl,” “Fanfare,” “Happy Happy,” “Breakthrough,” “Fake and True,” “Better,” “Polish,” “Pink Lemonade,” “The Reason Why,” “One More Time,” “Candy Pop,” “Wake Me Up” စတဲ့ သီချင်းတွေကို ဖျော်ဖြေခဲ့တဲ့အပြင် “More & More,” “Dance The Night Away,” “Fancy,” “TT,” “Heart Shaker,” နဲ့ “Feel Special” သီချင်းတွေရဲ့ ဂျပန်ဗားရှင်းကိုပါ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒါတင်မကသေးပဲ “I Can’t Stop Me” သီချင်းကိုလည်း အဖွဲ့ဝင် ၉ ယောက်လုံးနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဒီလို TWICE အဖွဲ့ဝင် ၉ ယောက်ရဲ့ အံ့မခန်း ဖျော်ဖြေမှုတွေတင်မကပဲ ONCE တွေဟာ ထိုကောင်မလေးတွေဆီက ဝမ်းသာစရာ အံ့အားသင့်စရာ သတင်းတစ်ခုကိုလည်း ကြားသိခဲ့ရပါတယ်။ အဲ့ဒါကတော့ TWICE ဟာ လာမယ့် မေလမှာ ၈ ခုမြောက် ဂျပန် single album နဲ့ ပရိသတ်ရှေ့ကို ပြန်လာတော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
TWICE ရဲ့ တရားဝင် ဂျပန် Twitter အကောင့်မှာ ပြောကြားထားပုံအရ ထို single album ရဲ့ ခေါင်းစီးသီချင်းက “Kura Kura” လို့ အမည်ရပြီး မေလ ၁၂ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်အတွင်း TWICE ရဲ့ ပထမဆုံး ဂျပန် comeback ဖြစ်ပြီး “Better” album ထွက်ပြီး ၇ လခန့အကြာမှ ထပ်မံထွက်ရှိမယ့် album အသစ်လည်း ဖြစ်ပါတယ်။
ထို့အပြင် ထို ၈ ခုမြောက် ဂျပန် single album မှာ သီချင်း ၂ ပုဒ်ပါဝင်မှာဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ ခေါင်းစီးသီချင်း “Kura Kura” အပြင် “Strawberry Moon” ဆိုတဲ့ သီချင်းကိုလည်း ပရိသတ်တွေအနေနဲ့ နားဆင်ခံစားရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ထိုသီချင်း ၂ ပုဒ်ရဲ့ instrumental version တွေလည်း album ထဲမှာ ပါဝင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
Source : Korea Portal
Photo : Twitter
Written : ZL