GK E-Sports Club နဲ့လက်တွဲလိုက်ပြီဆိုတဲ့အကြောင်းကို တရားဝင်ကြေညာလိုက်တဲ့ Huang Zitao

အနုပညာလောကရဲ့ ထိပ်တန်းစာရင်းဝင်မင်းသားချော Huang Zitao ဆိုတာ L.Tao Entertainment ရဲ့ပဲ့ကိုင်ရှင် CEO တစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းကိုသာအဓိကထားပြီး အနုပညာလောကရဲ့စံနှုန်းတွေနဲ့ကိုက်ညီသူများကိုသာ ပရိတ်သတ်တွေကို အစဉ်အမြဲချပြလေ့ရှိသူလည်းဖြစ်ပါတယ်။

အခုဆိုရင်တော့ Huang Zitao သည် နှစ်ထပ်ကွမ်း CEO ဖြစ်သွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ သူဟာ GK Gaming ရဲ့ Celebrity Partner အဖြစ်တရားဝင်လက်တွဲလိုက်ပြီး တွဲဖက် CEO တာဝန်ကိုယူလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒီအကြောင်းကို မတ်လ(၅)ရက်နေ့က Weibo မှာ သူကိုယ်တိုင်တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

“ဒီ Season မှာ KPL Championship ကို ငါတို့အတူတူအရယူကြလိမ့်မယ်၊ ငါတို့အကောင်းဆုံးကြိုးစားကြမယ်၊ အောင်မြင်မှုတွေကိုအတူတူဆွတ်ခူးကြမယ်၊ စိတ်ကြိုက်ရွေးချယ်တင်ပြမယ့် YKYB Team ကိုစောင့်ကြည့်ပေးကြပါ၊ မင်းတို့တွေ Level တက်ချင်တယ်ဆိုရင် ငါ့အသင်းဝင်တွေမလိုပါဘူး ငါနဲ့ပဲလာတိုက်ပါ ဟားဟား” ဆိုပြီး ပြိုင်ဘက်တွေကိုကြိုတင်သတိပေးလိုက်ပါသေးတယ်။

အရာရာကိုယုံကြည်မှုအပြည့်အဝနဲ့တာဝန်ယူမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာကို အတိုင်းသားမြင်နေရမှာဖြစ်ပါတယ်။ GK E-Sports Club ရဲ့ကြေညာစာမှာလည်း “Huang Zitao သည် GK နှင့်တွဲဖက် CEO ဖြစ်ပြီး ကစားသမားများနှင့်အနုပညာရှင်များအား လေ့ကျင့်သင်ကြားပေးရန် တာဝန်ရှိသည်”ဟု ကြေညာခဲ့ပါတယ်။

ယခင်တည်းက E-Sports ကိုစိတ်ဝင်စားခဲ့တဲ့ Huang Zitao အတွက်တော့ ဒါဟာကြီးကျယ်တဲ့အနာဂတ်လမ်းကြောင်းသစ်တစ်ခုဖြစ်လိမ့်မယ်ဆိုတာ သေချာပါတယ်။ စိတ်ဝင်စားတဲ့အရာတွေကိုအခြေခံပြီးဖြစ်တည်လာတဲ့ အဆုံးမဲ့ကြိုးစားမှုတွေရဲ့အောက်မှာ အသင်းရဲ့စံချိန်ဟာပိုမိုကောင်းမွန်လာလိမ့်မယ်လို့လည်း အားလုံးကယုံကြည်နေကြပါတယ်။ 2016 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ GK Club ကတော့ 2021 မှာလည်းပိုမိုအောင်မြင်လာတော့မယ်ဆိုတာ သေချာနေပြီလို့ဆိုရတော့မှာဖြစ်ပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share