မိမိုက်နေတဲ့အချေပုံစံနဲ့ပတ်သက်ပြီး ရှေ့ဆက်မဲ့နေ့ရက်တွေအတွက် Wang Yibo ရဲ့ မျှော်လင့်ထားချက်ကတော့…

Wang Yibo လို့ကြားလိုက်တာနဲ့ အနေအေးပြီး ခပ်တည်တည်ပုံစံနဲ့ အချေကောင်လေးကိုပြေးမြင်မိကြမှာပါ။ တည်ငြိမ်အေးဆေးနေတာကိုက Yibo ရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေတာကို အားလုံးလည်းငြင်းဆန်လို့ရမယ်မထင်ပါဘူး။

ဒီလိုမျိုးအပြတ်မိုက်နေတဲ့လူသားလေး Yibo ဟာ 2020 Weibo Night မှာ တက်ရောက်ခဲ့ပြီး လူအများကိုဖမ်းစားထားနိုင်ခဲ့သလို “Most Popular Person of the Year” ဆိုတဲ့ဆုကို Huang Zitao နဲ့အတူ တွဲဖက်ပြီးရရှိခဲ့ပါတယ်။

ဆုပေးပွဲပြီးတဲ့နောက် Yibo လေးဟာ သူရရှိခဲ့တဲ့ဆုနဲ့ပတ်သက်ပြီး စာတစ်စောင်ကို Webio မှာ တင်ပေးခဲ့ပြီး ပရိသတ်တွေကတော့ ဖတ်ရင်းဖတ်ရင်းနဲ့ Yibo ရဲ့ချေချမှုကြီးကို ပါးစပ်အဟောင်းသားဖြစ်ပြီး သဘောကျနေကြပါတော့တယ်။

Yibo က “Weibo Night အတွက် Weibo မှာ စာတင်ရမှာပေါ့..ကျွန်တော့်ကို ဒီဆုချီးမြှင့်တဲ့အတွက် Weibo ကို ကျေးဇူးတင်ရှိပါတယ်။ Weibo ကို သုံးရင်း လူပေါင်းစုံရဲ့ရင်တွင်းစကားသံကို မြင်နိုင်ကြားနိုင်ခဲ့ရတယ်။ မတူတဲ့ဘဝမျိုးစုံကို မျက်မြင်တွေ့ခဲ့ရတယ်။

ကျွန်တော့်အတွက် လူတိုင်းနဲ့အဆက်အသွယ်လုပ်ဖို့ Weibo က အရေးကြီးတဲ့နေရာမှာ ပါဝင်နေတာပါ။ ဒီတော့..ရှေ့ဆက်ပြီး.. Weibo မှာ ကျွန်တော့်နာမည်ကိုရိုက်ပြီးရှာလိုက်ရင်..ကျွန်တော်ဟာ အပြတ်အသတ်ကို မိမိုက်ပြီးကြွေဆင်းစရာကောင်းတယ်လို့ ချီးမွမ်းထားတာတွေကိုမြင်ချင်တယ်.. ရီစရာကောင်းတယ်ဆိုပြီးပြောထား​တာတွေ လျှော့ပြောကြပေါ့။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ချေချသွားပါတော့တယ်။

ဒီ post ကို မြင်သူအပေါင်းက ငိုရခက်ရီရခက်ဖြစ်ခဲ့ကြတဲ့အပြင် Yibo ရဲ့ ခပ်ချေချေပြောချမှုကြီးကို အချစ်ပိုနေကြပါတော့တယ်။ Yibo ဟာ တကယ်ကို Cool Guy စစ်စစ်ကြီးပါပဲ။ ပေါ်တိလေးရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အသည်းခိုက်အောင်မိမိုက်နေတဲ့ပုံစံကို အရင်ကထက်ပိုပြီး ကြွေဆင်းပေးလိုက်ကြပါဦးနော်။

Source: Weibo
Photos: Weibo
Written: Nay Chi

Share