JTBC ရဲ့ အချစ်ဇာတ်လမ်းတွဲသစ်မှာ မမနဲ့မောင်လေးအတွဲကို တွေ့ရတော့မလား…

March လ 9 ရက်နေ့တုန်းက ထုတ်လုပ်ရေးဖက်မှတာဝန်ရှိသူတွေဟာ JTBC မှ ရိုက်ကူးတော့မဲ့ အချစ်ဇာတ်လမ်းတွဲမှာပါဝင်ဖို့ကမ်းလှမ်းထားတဲ့အဓိကသရုပ်ဆောင်နှစ်ယောက်ကို ဖော်ပြလာခဲ့ပါတယ်။ “Cruel Story of Office Romance” (literal title) လို့ နာမည်ပေးထားတဲ့ ဒီရိုဆန်ဆန်အချစ်ဇာတ်လမ်းမှာတော့ အချစ်ဇာတ်လမ်းတွဲတွေအရိုက်များတဲ့ မင်းသမီးချောလေး Park Min Young နဲ့အတူ ပျိုမေတို့ရဲ့အသည်းစွဲမင်းသားချော Song Kang ကို ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။

ဒီသတင်းအပေါ် သူတို့ရဲ့အေဂျင်စီဖြစ်တဲ့ Namoo Actor Agency ကနေ “Park Min Young နဲ့ Song Kang ဟာ ဇာတ်လမ်းတွဲသစ် ‘Cruel Story of Office Romance’ မှာ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းချက်ကို လက်ခံရရှိထားပါတယ်။ ယခုအချိန်မှာတော့ ဇာတ်လမ်းသစ်အတွက်ကမ်းလှမ်းမှုကို စေ့စပ်ညှိနှိုင်းလေ့လာနေတုန်းပါပဲ” ဆိုပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။

မကြာခင်ရိုက်ကူးတော့မဲ့အချစ်ဇာတ်လမ်းတွဲကတော့ မိုးလေဝသနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တဲ့ရုံးတစ်ခုမှာ အလုပ်အတူတူလုပ်နေရင်း မေတ္တာသွယ်ခဲ့ကြတဲ့ ရုံးဝန်ထမ်းအချစ်ဇာတ်လမ်းမျိုးပါပဲ။ Park Min Young ကတော့ အရာရာကိုအမှားအယွင်းမခံဘဲ အေးစက်စက်စရိုက်ရှိတဲ့ Jin Ha Kyung နေရာမှာသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတာပါ။

IQ 150 ရှိပေမဲ့ ပြာတိပြာယာ ကို့ယို့ကားယားနဲ့ တုံနိဘာဝေနေတတ်ပေမဲ့ အလုပ်ကိုတော့အလေးအနက်ထားတတ်တဲ့ Lee Si Woo နေရာမှာတော့ Song Kang ကို ရွေးချယ်ကမ်းလှမ်းထားခဲ့ပါတယ်။ “Cruel Story of Office Romance” ကိုရိုက်ကူးမဲ့ဒါရိုက်တာ Cha Young Hoon ကတော့ “When the Camellia Blooms” ဇာတ်လမ်းတွဲမှာ လက်စွမ်းပြထားသူဖြစ်ပါတယ်။

တကယ်လို့သာ Park Min Young ဖက်ကနေ ကမ်းလှမ်းချက်ကို လက်ခံခဲ့ရင်တော့ “I’ll Go to You When the Weather is Nice” ဇာတ်လမ်းတွဲပြီးတဲ့နောက် တစ်နှစ်ကျော်ပြီးမှ လက်ခံရိုက်ကူးမဲ့ပထမဆုံးဇာတ်လမ်းဖြစ်လာမှာပါ။

မင်းသား Song Kang အတွက်တော့ လက်ရှိမှာ သူကိုယ်တိုင်ပါဝင်ရိုက်ကူးထားတဲ့ “Love Alarm 2” နဲ့ “Navillera” တို့ ထုတ်လွှင့်ပြသဖို့ရှိပြီး Webtoon ကိုအခြေခံပြီးရိုက်ကူးမဲ့ ဇာတ်လမ်းသစ်မှာလည်း Han So Hee နဲ့အတူ ရိုက်ကူးဖို့ဆွေးနွေးနေပါတယ်။ တကယ်လို့ Park Min Young နဲ့ Song Kang သာ ကမ်းလှမ်းမှုကိုလက်ခံခဲ့ရင် Ro ဆန်တဲ့ရုံးတွင်းအချစ်ဇာတ်လမ်းတွဲကို ကြည့်ရဦးတော့မှာပါ။

Source: Soompi
Photos: Twitter
Written: Nay Chi

Share