မတ်လ ၁၂ ရက်နေ့မှာ BLACKPINK အဖွဲ့ဝင် Rosé ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်အတွက် စာနယ်ဇင်းပွဲကို အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ပြုလုပ်ခဲ့ပါတယ်။ ထိုစာနယ်ဇင်းရှင်းလင်းပွဲမှာ Rosé က သူမရဲ့ BLACKPINK အဖွဲ့ဝင်တွေဟာ သူမအတွက် ဘယ်လောက်အရေးကြီးပြီး သူမကို ဘယ်လောက်ထိ အားပေးကူညီခဲ့လည်းဆိုတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
အရင်ဆုံး Rosé က “အခုချိန်ထိ ၄ ယောက် အတူတူလုပ်ခဲ့တဲ့အရာတွေကို တစ်ယောက်တည်း လုပ်နေရတဲ့အတွက် လုပ်ရမယ့် အလုပ်တွေနဲ့ တာဝန်ယူမှုတွေ ပိုများလာပါတယ်။ အဲ့ဒါကြောင့် အဖွဲ့ဝင်တွေရဲ့ နေရာလွတ်ကို ပိုခံစားမိလာတယ်။ တစ်ကိုယ်တော် လှုပ်ရှားမှုတွေအတွက် ပြင်ဆင်ရင်း BLACKPINK အဖွဲ့လိုက် လှုပ်ရှားမှုတွေကနေ အများကြီး ပညာရခဲ့တယ်ဆိုတာကို သိလာတယ်။
အတူတူကြီးပြင်းလာပြီး အတူတူ သင်ယူခွင့်ရတာ ဘယ်လောက်ထိ ထူးခြားတဲ့ အရာလည်းဆိုတာကို သိလာတယ်။ အဖွဲ့ဝင်တွေရဲ့ တန်ဖိုးကို ပိုပြီး နားလည်လာတယ်” လို့ ဆိုပါတယ်။ ထို့နောက် သူမက “အဖွဲ့ဝင်တိုင်းက ကျွန်မကို အားပေးကြတယ်။ အဲ့ဒါကြောင့်လည်း အားပေးမှုက အရမ်းအရေးပါတယ် ဆိုတာကို တွေးမိလာတယ်။
Jennie က ကျွန်မကို ချစ်စရာ လက်ဆောင်လေးတွေပေးခဲ့ပြီး ကျွန်မရဲ့ ခွေးလေးနာမည်ပါတဲ့ ဟန်းချိန်းလေးတစ်ခုကို လုပ်ပေးခဲ့ပါတယ်။ ကျွန်မတို့ video call လည်း ပြောဖြစ်ကြတယ်။ Jisoo က သီချင်းက အရမ်းကောင်းတာပဲ သူအရမ်းပျော်တယ်လို့ ပြောခဲ့ပြီး ဒီတစ်ကိုယ်တော် လှုပ်ရှားမှုတွေမှာ ကျွန်မလုပ်ချင်တာတွေ အားလုံး လုပ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။
Lisa ကတော့ music video ကို ကြည့်ပြီး သီချင်းနားထောင်ပြီးတာနဲ့ ‘အရမ်းမိုက်တာပဲ’ လို့ ဝန်ထမ်းတွေကို လိုက်ပြောခဲ့တယ်လို့ ပြောပါတယ်” ဆိုပြီး အဖွဲ့ဝင်တွေရဲ့ အားပေးမှုအကြောင်းကို ပြောပြခဲ့ပါတယ်။ မျက်လုံးအားကောင်းတဲ့ BLINK တွေက တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာ Jisoo က ဝင်ကြည့်ပြီး “Chaeyoung ❤️” (Rosé ရဲ့ ကိုရီးယားအမည်) လို့ ရိုးရှင်းတဲ့ comment တစ်ခု ဝင်ရေးသွားတာကို သတိထားမိခဲ့ကြပါတယ်။
ဒါဟာ Jisoo ကလည်း သန်းချီတဲ့ BLINK တွေနဲ့အတူ Rosé ကို ဘယ်လောက်ထိ စိတ်ဝင်တစားကြည့်နေလဲဆိုတာကို ထင်ဟပ်စေခဲ့ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ Rosé က ကျန်တဲ့ အဖွဲ့ဝင် ၃ ယောက်က သူမဆီကို ပေးပို့ခဲ့တဲ့ အားပေးစကားတွေကို အသံကျယ်ကျယ်နဲ့ ဖတ်ပြခဲ့ပါတယ်။
ပထမဦးစွာ Jisoo က “BLACKPINK ရဲ့ ဂုဏ်ယူစရာ ငါတို့ရဲ့ အသံပါရမီရှင်လေး Rosé. Chaengie! တစ်ကိုယ်တော်ပွဲဦးထွက်အတွက် အချိန်အကြာကြီး စောင့်ခဲ့ရတယ် အဲ့ဒါကြောင့် လုပ်ချင်တာအကုန်လုပ်ပါ။ BLINK တွေနဲ့အတူ ပျော်စရာ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ နွေးထွေးစွာ ရေးသားထားပါတယ်။ Lisa ကတော့ ပရိသတ်တွေကို “ကျွန်မရဲ့ အမြွှာဖြစ်တဲ့ ချစ်စရာ Rosé ရဲ့ တစ်ကိုယ်တော်သီချင်းကို အများကြီး ချစ်ပေးကြပါ” လို့ BLINK တွေကို ချိုသာစွာ မေတ္တာရပ်ခံထားပါတယ်။
Jennie ကတော့ Rosé ရဲ့ မှော်ဆန်တဲ့ အသံကို ကမ္ဘာကြီးကို ချပြဖို့ ဘယ်လောက်စောင့်ခဲ့ရလဲဆိုတာကို သိကြောင်း၊ သူမက “Gone” နဲ့ “On The Ground” သီချင်းတွေကို ပထမဆုံး နားထောင်ဖူးတဲ့သူဖြစ်ကြောင်း၊ ထုတ်ဖော်ပြောထားပြီး သူမလိုပဲ အားလုံးက ဒီသီချင်းတွေကို ကြိုက်နှစ်သက်မှာဖြစ်ကြောင်း ယုံကြည်ချက်ရှိစွာ ပြောထားပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ Hank (Rosé ရဲ့ ခွေးလေး) ကို ဂရုစိုက်ဖို့ မမေ့ပါနဲ့လို့လည်း မှာထားပါသေးတယ်။
ဒါတင်မကသေးပဲ BLACKPINK အဖွဲ့ဝင်တွေဟာ Rosé ရဲ့ သီချင်းထွက်တာနဲ့ တစ်ပြိုင်နက် Instagram Story တွေမှာ post တင်ပြီး Rosé အတွက် ဂုဏ်ယူကြောင်းနဲ့ အားပေးစကားတွေပြောခဲ့ကြပါသေးတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် BLACKPINK အဖွဲ့ဝင်တွေဟာ သူမတို့ရဲ့ main vocalist အတွက် ဘယ်လောက်ထိ စိတ်လှုပ်ရှားပျော်ရွှင်နေတယ်ဆိုတာကို သိရှိနိုင်ပါတယ်။ Rosé ဟာလည်း အဖွဲ့ဝင်တွေရဲ့ အားပေးမှုတွေနဲ့အတူ တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်သွားမှာ မလွဲမသွေပါပဲ။
Source : Koreaboo
Photo :Twitter
Written : ZL