နာမည်ကြီးအဆိုတော် Lisa ရယ်လို့ဖြစ်မလာခင် သင်တန်းသူဘဝတုန်းက စိတ်ဝင်စားစရာအဖြစ်အပျက် ၄ ခု

ဂီတလောကမှာ နာမည်ကြီးနေပြီး အောင်မြင်မှုများစွာသိမ်းပိုက်ထားတဲ့ BLACKPINK အဖွဲ့ရဲ့ Lisa ကတော့ သူမရဲ့ငယ်စဥ်ဘဝ သင်တန်းသူတုန်းက အဖြစ်အပျက်လေးတွေကိုပြောပြခဲ့ဖူးပါတယ်။ တစ်ချို့သောအကြောင်းအရာလေးတွေဟာ ကြည်နူးစရာကောင်းပြီး ရင်ထဲနွေးထွေးသွားစေနိုင်သလို တစ်ချို့အဖြစ်အပျက်လေးတွေကတော့ ရင်ကိုလာထိစေနိုင်ပါတယ်။

1.Lisa ကို အရိပ်တကြည့်ကြည့်နဲ့ အားပေးစောင့်ရှောက်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင်များ

Lisa ဟာ ထိုင်းနိုင်ငံနေ တောင်ကိုရီးယားနိုင်ငံကို အဆိုတော်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့ တစ်ကိုယ်တော်ရောက်ရှိလာခဲ့တာပါ။ ကိုယ့်ရပ်ကိုယ့်ဒေသမဟုတ်တော့ Lisa လေးရဲ့ သင်တန်းသာဘဝဟာထင်သလောက်မလွယ်ကူခဲ့ဘဲ အခက်အခဲတွေရှိခဲ့ပါတယ်။

အိမ်လွမ်းဝေဒနာကို မကြာခဏခံစားရတာကြောင့်မိခင်ဖြစ်သူဆီကို မကြာခဏဖုန်းဆက်ပြီးငိုကြွေးခဲ့ဖူးကြောင်း ရင်ဖွင့်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း BLACKPINK အဖွဲ့ဝင် ၃ ယောက်ဟာ Lisa ကို ဖေးမစောင့်ရှောက်ခဲ့ကြပြီး အရိပ်တကြည့်ကြည့်နဲ့ ပြုစုယုယခဲ့တာကြောင့် Lisa လေးဟာ ခံနိုင်ရည်ရှိလာခဲ့ပြီး နေသာလာခဲ့တယ်လို့ ဖွင့်ပြောပြခဲ့ဖူးပါတယ်။

2.BLACKPINK အဖွဲ့ရဲ့ သူရဲကောင်းကြီး Lisa

BLACKPINK အဖွဲ့ဝင်တွေဟာ သင်တန်းသူဘဝတုန်းက လွန်စွာရုန်းကန်ခဲ့ကြရကြောင်း ပြောပြခဲ့ဖူးပါတယ်။ လက်ထဲမှာလည်း အစားအသောက်ဝယ်စားဖို့တောင် ပိုက်ဆံသိပ်မရှိသလို သူတို့နေရတဲ့အဆောင်ကလည်း ပိုးကောင်မွှားကောင်တွေရှိတယ်လို့ဆိုပါတယ်။ Jennie ကဆိုရင် “အိပ်ဆောင်မှာ ပိုးဟပ်တွေလည်းရှိတယ်” ဆိုပြီး ပြောပြဖူးတာပါ။

ထိုအခါ Jisoo က “ကျွန်မတို့က ကြောက်နေတော့ Lisa က အဲ့လိုအကောင်တွေကို ဖမ်းပေးတယ်။ သူ အကောင်တွေဖမ်းနေတုန်းဆိုရင် အနားကိုလည်းမသွားရဲဘူး။ အဝေးကနေပဲ “Lisa ရေ တော်လိုက်တာ” ဆိုပြီး အော်ပြောရဲတယ်။ ဒါကို Lisa က “ဒီအကောင်တွေကို ဘယ်လိုလုပ်လိုက်ရမလဲ” ဆိုပြီး အကောင်ကြီးကိုကိုင်ရင်းနဲ့မေးတယ်။ အဲ့ကျ ကျွန်မတို့တွေက အကောင်တွေကိုထုပ်ပြီးပစ်ဖို့ စက္ကူတွေပစ်ပေးကြပါတယ်” ဆိုပြီး Lisa လေးရဲ့ သတ္တိရှိပုံကို တခမ်းတနားပြောပြပါတော့တယ်။

3.သင်တန်းသူဘဝကတည်းက ဆရာမကြီးတစ်ယောက်ဖြစ်တဲ့ Lisa

“BLACKPINK’s Netflix documentary BLACKPINK: Light Up The Sky” ရဲ့ ဒါရိုက်တာဖြစ်သူ Caroline Suh က Lisa ဟာ ကောင်းမွန်ပြီးပြည့်ဝတဲ့ စိတ်နေစိတ်ထားရှိတာကြောင့် သူမနဲ့အတူရှိဖူးသူတိုင်းက Lisa ကို တော်တော်လေးသဘောကျတယ်လို့ဆိုပါတယ်။

“Lisa ရဲ့ ပင်ကိုယ်စရိုက်က တော်တော်ကိုကောင်းတယ်။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ Lisa ကို အားလုံးကနှစ်သက်ကြတယ်။ အဖွဲ့ဝင်တွေဟာဆိုရင် Lisa နဲ့ရှိနေတဲ့အခါတိုင်း တက်ကြွလန်းဆန်းပြီး ပျော်ရွှင်ရပါတယ်။ Lisa ကတော့ သူနဲ့နီးစပ်သမျှလူတိုင်းကို ခံစားချက်ကောင်းတွေပေးစွမ်းနိုင်တဲ့ ကောင်မလေးပါပဲ” ဆိုပြီး သုံးသပ်ပြခဲ့ဖူးပါတယ်။

BLACKPINK ရဲ့အဖွဲ့ဝင်တွေကလည်း Lisa ဟာ သင်တန်းသူဘဝကတည်းက ဘာလုပ်လုပ် ဆရာကျကြောင်း ထောက်ခံခဲ့ပါသေးတယ်။ ပျော်ရွှင်အောင်နေတတ်သလို တစ်ခုခုလုပ်ရင်လည်း စိတ်ကိုထိန်းချုပ်နိုင်စွမ်းမြင့်တယ်လို့ဆိုပါတယ်။ နာမည်ကြီးတစ်ယောက်ဖြစ်လာတာတောင် အခုချိန်ထိ စိတ်လက်ပေါ့ပါးစွာနဲ့ ပတ်သက်သမျှလူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ Lisa လေးဖြစ်တယ်လို့ ဖော်ပြခံခဲ့ရပါတယ်။

4.YG Entertainment ရဲ့ လေ့ကျင့်ခန်းထဲမှာပဲ အချိန်ကုန်ခဲ့တဲ့ Lisa

Youth With You 3 မှာတော့ ၁၈ နှစ်တုန်းက ဘာတွေလုပ်နေခဲ့သလဲဆိုတဲ့မေးခွန်းကို Lisa လေးက အဖြေပေးခဲ့ပါတယ်။ “ကျွန်မက အသက် ၂၀ မှ ပွဲဦးထွက်ခွင့်ရခဲ့တာပါ။ ၁၈ နှစ်တုန်းက သင်တန်းသူတစ်ယောက်အနေနဲ့ လေ့ကျင့်နေတုန်းပဲ။ ကုမ္ပဏီရဲ့ အကလေ့ကျင့်ခန်းထဲမှာပဲ လေ့ကျင့်နေရင်း နေ့ရက်တွေကုန်ဆုံးခဲ့တယ်။

အဲ့တုန်းက ပွဲဦးထွက်ခွင့်မရသေးတော့ သံသယတွေတောင်ဝင်လာခဲ့ဖူးတယ်။ထိုင်းကိုပဲပြန်ပြီး ကျောင်းဆက်တက်ရမလား? ဆက်ပဲလေ့ကျင့်နေရမလား?ပေါ့.. ဇဝေဇဝါတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ရည်ရွယ်ချက်ကိုမစွန့်လွှတ်ဘဲ ပွဲဦးမထွက်နိုင်မချင်း ဆက်ပြီးလေ့ကျင့်နေခဲ့တာကြောင့် နောက်ဆုံးမှာတော့ BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်” ဆိုပြီး Lisa လေးက မျှဝေပေးခဲ့ပါတော့တယ်။

နာမည်ကြီးတစ်ယောက်ဖြစ်လာဖို့အတွက် မလွယ်ကူခဲ့ကြောင်း Lisa လေးရဲ့ သင်တန်းသူဘဝက သက်သေပါပဲ။ ကိုယ့်ရဲ့ရည်ရွယ်ချက်မပြည့်မြောက်မချင်း အရှုံးမပေး၊ လက်မလျှော့ဘဲ အချိန်ပြည့်ကြိုးစားနေခဲ့တာကြောင့် အခုချိန်မှာအောင်မြင်မှုအသီးအပွင့်ကိုစားသုံးနေရပြီဖြစ်တဲ့ Lisa လေးကို အတုယူရပါတော့တယ်။

Source: Koreaboo
Photos: Weibo
Written: Nay Chi

Share