“Joseon Exorcist” ဇာတ်လမ်းတွဲရဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တောင်းပန်ခဲ့တဲ့ Jang Dong Yoon

SBS ကနေ ထုတ်လွှင့်ပြသမှု ဖျက်သိမ်းတဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာပြီးတဲ့နောက် “Joseon Exorcist” ရဲ့ အဓိကမင်းသား Jang Dong Yoon ဟာ ဒီဇာတ်လမ်းကို ပါဝင်ရိုက်ကူးမိတဲ့အတွက် တောင်းပန်ကြောင်းကြေညာချက်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီအပတ်ရဲ့အစောပိုင်းလောက်မှာစတင်ထုတ်လွှင့်ပြသခဲ့တဲ့ “Joseon Exorcist” ကတော့ အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ ကြည့်ရှုသူတွေကြားမှာပြဿနာတက်ခဲ့ပြီး ကြီးမားတဲ့ဂယက်ကြီးဖြစ်လာကာ နောက်ဆုံးမှာတော့ SBS ဟာ ထုတ်လွှင့်ပြသမှုရပ်ဆိုင်းကြောင်းကြေညာခဲ့ရပါတော့တယ်။

March လ 27 ရက်နေ့မှာတော့ Jang Dong Yoon ဟာ သူ့ရဲ့တောင်းပန်ခြင်းကို အေဂျင်စီကနေတစ်ဆင့်ထုတ်ပေးခဲ့ပါတယ်။ သူ့ရဲ့ထုတ်ပြန်စာထဲမှာတော့… “Hello, ကျွန်တော်က မင်းသား Jang Dong Yoon ဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာပြောရမှန်းမသိတော့တဲ့အတွက် အလွန်စိုးရိမ်မိပါတယ်။

အခု ဒီလိုတောင်းပန်စာကိုရေးလိုက်ရတာကတော့ ဇာတ်လမ်းကြောင့်ကြီးမားစွာဒေါသထွက်နေတဲ့ပရိသတ်ကြီးအတွက်ကော၊ “Joseon Exorcist” မှာ အဓိကမင်းသားအဖြစ်ပါဝင်ရိုက်ကူးခဲ့မှုအပေါ် ကျွန်တော့်ရဲ့အတွေးအမြင်ကိုသိရှိလိုကြတဲ့ပရိသတ်ကြီးအတွက်ပါ မလုံလောက်တဲ့ဖြေရှင်းချက်ဖြစ်ရင်တောင် ကျွန်တော့်ရဲ့စစ်မှန်တဲ့ခံစားချက်ကို သိရှိစေနိုင်ဖို့မျှော်လင့်ချက်နဲ့ ရေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော်ဟာ ဆင်ခြေပေးဖို့တောင် အခွင့်မရှိကြောင်း သိပါတယ်။ ကျွန်တော် အလွန်တရာမှစိတ်မကောင်းဖြစ်ရသလို တောင်းပန်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းဟာ သဘောထားကွဲလွဲချက်တွေဖြစ်ပြီး ပြဿနာဖြစ်နိုင်တယ်ဆိုတာကို သတိပြုနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒါဟာလည်း ကျွန်တော့်ရဲ့ အသိဉာဏ်နည်းမှုနဲ့ ကိုယ့်ကိုယ်ကို လုပ်နိုင်တယ်ဆိုပြီး ကျေနပ်နေခဲ့မိတာတွေကြောင့်ပါပဲ။

ဇာတ်လမ်းနဲ့ပတ်သက်ပြီး ရိုက်ကူးဖန်တီးမှုကိုသာအာရုံစိုက်ထားတဲ့မင်းသားတစ်ယောက်ရဲ့အမြင်နဲ့ ကြည့်ခဲ့မိပါတယ်။ လူထုသဘောထားနဲ့ အတွေးအမြင်တွေဖက်ကနေ ကြည့်ရှုရမဲ့ကျွန်တော့်ရဲ့ လူသားတစ်ယောက်တာဝန်ကို လျစ်လျူရှုခဲ့မိပါတယ်။ ဒါကြောင့်လည်း အမှားကြီးတစ်ခုပြုလုပ်မိခဲ့တာဖြစ်ပါတယ်။

ကျွန်တော်ဟာ နှစ်သက်လေးစားရတဲ့ဒါရိုက်တာနဲ့ အရည်အချင်းရှိတဲ့သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ရမယ်ဆိုတဲ့အသိနဲ့တင် ဒီဇာတ်လမ်းကို ပယ်မချနိုင်ခဲ့ဘဲ လက်ခံရိုက်ကူးခဲ့ပါတယ်။ ကျွန်တော်ရဲ့ လုပ်နိုင်စွမ်းနဲ့ အကြိမ်ကြိမ်အခါခါစဥ်းစားခဲ့ပြီးနောက် ဒီဇာတ်လမ်းကိုရိုက်ကူးဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒါကလည်း ကျွန်တော့်ရဲ့အကောင်းဆုံးရွေးချယ်မှုဆိုပြီး ယုံကြည်ခဲ့ပါသေးတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်ဟာ လွန်စွာမှ မိုက်ရူးရဲဆန်ခဲ့မိလို့ပါ။ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အမဲစက်မရှိခဲ့ရင် လူသားတိုင်းက နေ့ရက်တိုင်းကိုဂုဏ်ယူစွာနဲ့နေထိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကိုယ်တိုင်းလည်း သတ်မှတ်ချက်စံနှုန်းတွေထဲမှာနေနိုင်အောင် စည်းကမ်းချက်တွေနဲ့အညီ အမြဲတစေနေဖို့အတွက်ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်တော်လက်ခံရိုက်ကူးခဲ့တဲ့ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဒီလိုမျိုးအရှက်ရစရာပြဿနာတွေပေါ်ပေါက်လာတဲ့အတွက် ရင်ထဲမှာ နောင်တတရားတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ လူထုကလည်း မင်းသားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းကို စိတ်ဝင်စားစွာနဲ့ချစ်ခင်အားပေးရင်း အခုလိုမျိုး ဂယက်ဖြစ်လာရမှန်းသဘောပေါက်ပါတယ်။

အကယ်၍ ကျွန်တော့်ရဲ့ ခွင့်လွှတ်ဖို့တောင်းပန်စာကို မတွေ့ခဲ့ဘူးဆိုရင်တောင် ဖြစ်သမျှကို ကျိုးနွံစွာနဲ့လက်ခံမှာပါ။ ကျွန်တော်ဟာ အလွန်တရာမှ စာနာသနားဖို့ကောင်းတဲ့တောင်းပန်စာမျိုးကိုလည်း မရေးလိုပါဘူး။ ဒါပေမဲ့လည်း စစ်မှန်တဲ့ခံစားချက်ကိုဖော်ပြဖို့အတွက်သာ အခုလိုမျိုးထုတ်ပြန်စာကို ရေးခဲ့မိပါတယ်။

ဒီ့အတွက်လည်း နောက်ထပ်တစ်ကြိမ် တောင်းပန်ပါရစေ။ ဘယ်လိုပဲဖြစ်ပါစေ.. ဒီအဖြစ်အပျက်တွေကြားထဲက ကျွန်တော့်နေရာကိုကြင်နာစွာနဲ့ တစ်ချက်ငဲ့ကြည့်ပေးခဲ့မယ်ဆိုရင် ဖြစ်ခဲ့သမျှကိစ္စတွေကို အမြဲတစေအမှတ်ရနိုင်ဖို့ နှလုံးသားထဲမှာ မှတ်ကျောက်တင်ရင်း ပရိသတ်ကြီးတွေကိုလည်း ရင့်ကျက်တဲ့မင်းသားတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့အရာတွေကိုသာ ချပြသွားနိုင်ဖို့ကြိုးစားနေပါမယ်” ဆိုပြီး လေးနက်စွာ ပန်ကြားရေးသားခဲ့ပါတယ်။

မင်းသား Jang Dong Yoon ဟာ ဒီဇာတ်လမ်းအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် အကောင်းဆုံးရိုက်ကူးခဲ့ရကြောင်းကို ပရိသတ်တို့လည်း အသိဆုံးဖြစ်မှာပါ။ နောင်လာမဲ့ဇာတ်လမ်းတွဲတွေမှာတော့ ပရိသတ်တွေရဲ့အားပေးခြင်းကို မြောက်မြားစွာပြန်လည်ရရှိနိုင်ဖို့အတွက်သာ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soompi
Photos: SBS
Written: Nay Chi

Share